ဧပြီ ၁၀
အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သောသီတင်းပတ် နှစ်ပတ်အတွင်း ရာသီအလိုက် ရေကြီးရေလျှံမှုများကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတစ်ဝန်း မတ်လ ၂၆ ရက်မှ ဧပြီလ ၆ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ပြည်နယ်အများအပြားရှိ ရပ်ရွာများထိခိုက်ခဲ့ပြီး ရာပေါင်းများစွာသော ကျေးရွာများ ရေလွှမ်းမိုးခံခဲ့ရကာ လူပေါင်း ၇၃၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
အိမ်ခြေ ၉၀၀၀ ကျော်နှင့် စိုက်ပျိုးမြေ ဧက ၁၅၅၀၀ ကျော် ပျက်စီးခဲ့ရာ ထိခိုက်ခံရသည့် ဒေသများတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။ မွေးမြူရေးတိရစ္ဆာန် ၅၀၀ ကျော် ဆုံးရှုံးခြင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးကို မှီခိုနေရသော ကျေးလက်မိသားစုများအတွက် အကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


