ရန်ကုန် ၂၃ မတ်
မဲဆန္ဒရှင်ပြည်သူများ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ပိုမိုစိတ်ဝင်စားလာစေရန်နှင့် မှန်ကန်သော ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ၎င်းတို့၏ အတွေးအမြင်များအား ပြည်သူသို့ မိတ်ဆက်ဆွေးနွေးခြင်းကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနှင့် New Myanmar Foundation တို့ပူးပေါင်းပြီး ပြည်သူ့ဘဝကို နေ့စဉ်ဆုံးဖြတ်နေသော စည်ပင်သာယာရေးကော်မတီ၏ အခန်းကဏ္ဍမှာ အရေးကြီးသောကြောင့် ရွေးကောက်ပွဲတွင် စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်လာနိုင်စေရန်၊ ဒေသန္တရအုပ်ချုပ်ရေးတွင် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် မဲဆန္ဒရှင်အသံကို ပိုမိုထင်ဟပ်လာနိုင်စေရန်နှင့် ဒေသန္တရရွေးကောက်ပွဲများတွင် ပြည်သူစိတ်ဝင်စားမှု မြင့်မားလာစေရန်အတွက် ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဥက္ကဋ္ဌ ဦးမြတ်သူက ပြောသည်။
“ခုဆိုရင် နိုင်ငံတော်ရဲ့လုပ်ဆောင်နေတဲ့ ကဏ္ဍတွေမှာ လူငယ်တွေပါဝင်လာတော့ အလွန်ကောင်းမွန်ပါတယ်။ အခြားတိုင်းပြည်တွေမှာဆိုရင်လည်း လူငယ်ဝန်ကြီးတွေ ခန့်အပ်ထားတာတွေ ရှိနေပါတယ်၊ လူငယ်တွေအနေနဲ့ အတွေ့အကြုံ ပိုင်းအားနည်းနေသေးတယ် ဆိုရင်လည်း လူကြီးတွေက လက်တွဲခေါ်ရမှာပါ၊ ဘာဘဲပြောပြော လူငယ်တွေအနေနဲ့ အင်ပြည့်အားပြည့်ရှိနေပြီး သူတို့သင်ကြားလေ့လာခဲ့ရတဲ့ ပညာရပ်တွေကိုပါ မြန်ဆန်စွာအသုံးချခွင့် ရသွားမှာပါ’’ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဥက္ကဋ္ဌ ဦးမြတ်သူက ပြောသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲသည် ဒေသန္တရအုပ်ချုပ်ရေး ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်သင့်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြည်သူများဖြစ်စေချင်သည့် လိုအင်ဆန္ဒကို ဆောင်ရွက်ပေးသင့်ကြောင်းနှင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ၎င်းတို့၏အတွေးအမြင်များအား ပြည်သူသို့ မိတ်ဆက်ဆွေးနွေးပွဲတွင် မဲဆန္ဒနယ်အမှတ်(၃)နှင့် (၄)တို့မှ ကိုယ်စားလှယ်လောင်းများ ကတစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြကာ ပြည်သူများ၏ သိရှိလိုသည်များကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲကို မတ် ၂၄ ရက်တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)၊ ပွင့်သစ္စာ/ဓာတ်ပုံ-စိုးမြင့်အောင်)


