ရန်ကုန် ၂၃ မတ်
မြန်မာနိုင်ငံ၏အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပထမအကြိမ်စားပွဲဝိုင်း ဆွေးနွေးပွဲ”ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲ၌ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးတွင် ကျင်းပသည်။
ဆွေးနွေးပွဲသဘာပတိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ စတော့ဈေးကွက်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြသောဌာန/ အဖွဲ့အစည်းများနှင့် Stakeholder များအားလုံး၏ အကြံဉာဏ်များကိုရယူလို၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်စတော့အိပ်ချိန်း စတင်တည်ထောင်ခဲ့သည်မှာ (၃)နှစ်တာကာလပြည့်ပြီဖြစ်ရာ စတော့အရောင်းအဝယ်များမှာ ပုံမှန်ရှိနေသော်လည်း ယခုထက်ဖွံ့ဖြိုးတိုးတက် သွက်လက်ရန် လိုအပ်နေကြောင်း၊ ဈေးကွက်တိုး တက်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း၊ ယခုဆွေးနွေးပွဲတွင် ဈေးကွက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်ပိုင်းမှ ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံအစိုးရ၏ အားပေးကူညီမှုများကို တင်ပြမည်ဖြစ်ပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ အရင်းအနှီးဈေးကွက်ထဲကို ဝင်ရောက်လာစေရန် အတွက်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုကဲ့သို့ နယ်ပယ်စုံမှ လုပ်ငန်းကျွမ်းကျင်သူများပါဝင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲများကို ပုံမှန်ကျင်းပသွားလိုကြောင်း၊ ထို့ပြင် ဈေးကွက်အတွင်း ပါဝင်သူများထံမှ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်သင့်သည့် အကြံဉာဏ်များကို မေးခွန်းလွှာများမေးမြန်း၍ ကောက်ယူခြင်း၊ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသို့ SECM နှင့် YSX မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံပြီး လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ အထက်အဆင့်ဆင့်သို့ တင်ပြခြင်းများကိုဆောင်ရွက်နိုင်ရန်တို့ ကိုလည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ အရင်းအနှီးဈေးကွက်သို့ ပါဝင်လာမည့်အခွင့်အလမ်းကောင်းများ ရှိနေပြီဖြစ်၍ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား ဈေးကွက်သို့ ဆွဲဆောင်စည်းရုံးနိုင်ရန်လိုအပ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး၊ စတော့ရှယ်ယာဈေး ကွက်ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ရန်ကုန်စတော့အိပ်ချိန်းကို တည်ထောင်ခဲ့သည်မှာ (၃) နှစ်တာရှိသည်ဖြစ်ပြီး ယခုအချိန်တွင် စာရင်းဝင်ကုမ္ပဏီ (၅) ခု၏ စတော့ရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း၊ စာရင်းဝင်ကုမ္ပဏီအသစ်များကိုလည်း ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)


