နေပြည်တော် ဧပြီ ၁၄

အားကစားရေးရာ ဝန်ကြီးဌာန မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပရာ အားကစားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နှင့် ဇနီး၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားရေးရာဝန်ကြီးဌာန မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ယိမ်းအဖွဲ့ဝင်များက စုပေါင်း၍ သံပြိုင်ညီညာ ကပြဖျော်ဖြေခြင်း၊ တာဝန်ရှိသူများက ယိမ်းအဖွဲ့ လှပျိုဖြူများနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား အောင်သပြေခက်ဖြင့် အတာရေ ပက်ဖျန်းပေးခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ရှိ ဌာနခွဲအသီးသီးမှ ဧည့်ခံကျွေးမွေးသည့် စတုဒိသာ မြန်မာ့ရိုးရာ အစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု ဝင်များနှင့်အတူ သုံးဆောင်ကာ ဌာနခွဲများမှ ယိမ်းအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အတာရေ အပြန်အလှန် ပက်ဖျန်းခြင်း၊ဌာနခွဲများမှ ဝန်ထမ်းယိမ်းအဖွဲ့များနှင့် Fitness Dance အဖွဲ့၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ကြပြီးဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်