နေပြည်တော် ၂၃ မတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ငရုတ်ကောင်း- ငရုတ်ကောင်း (တောင်) ဓာတ်အားလိုင်း (၁၅ ဒသမ ၃၂) မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ငရုတ်ကောင်း ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ငရုတ်ကောင်းဒေသကို နိုင်ငံတော်ဓာတ်အား စနစ်ရောက်ရှိနေပြီးဖြစ်သည့် ၆၆ ကေဗွီ ငရုတ်ကောင်း(တောင်) ဓာတ်အားခွဲရုံမှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ငရုတ်ကောင်း-ငရုတ်ကောင်း (တောင်)ဓာတ်အားလိုင်း (၁၅ ဒသမ ၃၂) မိုင်နှင့် ငရုတ်ကောင်းမြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၃-၁၂-၂၀၁၈)ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ငရုတ်ကောင်း ဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ငရုတ်ကောင်း မြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၁၀ဝ၈) ရှိသည့်အနက် အိမ်ထောင်စု (၃၃၉) စုဓာတ်အားရရှိ သုံးစွဲနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲဓာတ်အား ဖြန့်ဖြူးရေးလိုင်းနှင့် ခွဲရုံများဆောင်ရွက်ပြီးစီးသည့် အချိန်တွင် ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၃၈) ရွာရှိ အိမ်ထောင်စုပေါင်း (၅၉၂၄) စုသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားရယူ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်သန်းပေါင်း (၆,၆၁၉) သန်းကျော်အကုန်အကျခံ တည်ဆောက်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများသို့ ဓာတ်အားရရှိ သုံးစွဲနိုင်ရန်ယခုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁၄၈၈၉၈၃) စုရှိသည့်အနက် အိမ်ထောင်စု (၂၆၇၃၃၃)စု လျှပ်စစ်ဓာတ် အားရရှိသုံးစွဲနေပြီဖြစ်ပြီး တိုင်းဒေသကြီး တစ်ခုလုံး၏ (၁၈ %) ခန့်ဓာတ်အား ရရှိသုံးစွဲနိုင်နေပြီ ဖြစ်ပါကြောင်း၊ မီးရရှိသုံးစွဲနိုင်ခြင်းမရှိသေးသည့် အိမ်ထောင်စုများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ငရုတ်ကောင်းမြို့မှ ရပ်မိရပ်ဖဖြစ်သူ ဦးသန်းညွန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ၆၆ ကေဗွီ၊ ငရုတ်ကောင်း- ငရုတ်ကောင်း (တောင်) ဓာတ်အားလိုင်း (၁၅ ဒသမ ၃၂) မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံ Control Room နှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၂ ရက် ညနေပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ပင်မဓာတ်အားခွဲရုံမှူးများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ ခရိုင်အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


