ရန်ကုန် ဧပြီ ၁၄
၂၀၂၆ အာဆီယံ ယူ - ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (B) ဒုတိယနေ့ကို ဧပြီ ၁၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စု (B) ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် လာအိုအသင်းနှင့် ဖိလစ်ပိုင် အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ဧပြီ ၁၂ ရက်ကကျင်းပသည့် ပထမနေ့တွင် ထိုင်းအသင်းက ဖိလစ်ပိုင်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး မြန်မာအသင်းနှင့် လာအိုအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အဖွင့်ပွဲတွင် သရေကျခဲ့သည့် မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် ထိုင်းအသင်းကို အနိုင်ကစားနိုင်ရန် လိုအပ်နေသည်။ ပြိုင်ပွဲကျင်းပနေသည့်ပုံစံအရ အုပ်စုသုံးခုမှ အမှတ်အများဆုံး ထိပ်ဆုံး တစ်သင်းစီနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးတစ်သင်းသာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပထမဆုံးပွဲတွင် သရေကျခဲ့သဖြင့် လက်ကျန်နှစ်ပွဲစလုံး အနိုင်ကစားနိုင်မှ အခြေအနေကောင်းမည်ဖြစ်သည်။
မြန်မာအသင်းသည် လာအိုအသင်းနှင့် သရေကျခဲ့သည့်ပွဲတွင် ပုံစံကောင်း ပြသနိုင်ခြင်းမရှိသေးဘဲ အခွင့်အရေးအချို့လည်း အသုံးမချနိုင်သဖြင့် ဂိုးမရှိသရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF


