စစ်တွေ ဧပြီ ၁၄
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းမကြီးတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ယိမ်းအကအဖွဲ့များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်တွင်လည်း မြန်မာနှစ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲတော်ကို တစ်မျိုး တစ်ဘာသာထူးခြားစွာ ကျင်းပခဲ့ကြပြီး ရိုးရာဓလေ့သင်္ကြန် ပွဲတော်သည် သိမ်မွေ့ခြင်း၊ ထူးခြားခြင်း၊ ထင်ရှားခြင်းစသည့် အင်္ဂါရပ်များကို ဖော်ကျူးထားသော ပွဲတော်ဖြစ်သည့်အတွက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ် နှစ်တိုင်းကျင်းပကာ ထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် ယဉ်ကျေးမှုယိမ်းအကအဖွဲ့များက ပျိုအလှနန့်ခါသင်္ကြန်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ယိမ်းအက အဖွဲ့များနှင့် မဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက် လာကြသူများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လမ်းမကြီး၌ကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် မုခ်ဦးအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် ယဉ်ကျေးမှုယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲအား ပြည်သူများနှင့်အတူ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် စတုဒိသာမဏ္ဍပ်များနှင့် သနပ်ခါး မဏ္ဍပ်သို့ လှည့်လည်ကြည့်ရှု အားပေးကြပြီး ဗဟိုမဏ္ဍပ်၌ ရခိုင်အဆိုတော်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် ကပြဖျော်ဖြေပေးကြသော ယိမ်း အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့ပြင် ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေတပ်နယ်၌ ကျင်းပသည့် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ဖွင့်ပွဲသို့ တက်ရောက်အားပေးကြသည်။ ဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူးက နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက စစ်တွေတပ်နယ် မဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


