နေပြည်တော် ဧပြီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသဖြစ်သည့် တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စု များ၏ (၆၁၅)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ခြင်းနှင့် ပို့ဆောင်ပွဲကို ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ မဟာခနန်ပန်းခြံ၌ ကျင်းပရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာအကအလှအဖွဲ့ များ၊ စေတနာရှင် အလှူရှင်များ၊ ဒေသခံရှမ်း၊လွယ်လ၊ အာခါ၊ လားဟူလူမျိုးများ တက်ရောက်ကြသည်။

ဦးစွာ “နန္ဒဘေးရီ” အမည်ရှိ စည်တော်အား စင်ပေါ်သို့ တင်ဆောင်ရာတွင် တုံဂပူရီ(သို့မဟုတ်)ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုယဉ်ကျေးမှုအဖွဲ့ဝင်များက “နှစ်သစ်မင်္ဂလာ” တေးသီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး အမှတ်တရလက်ဆောင်များပြန်လည် ဂါရဝပြုပေးအပ်သည်။ ယင်းနောက် တာဝန်ရှိသူများက စည်တော်နှင့်စပ်လျဉ်း၍ ရိုးရာဓလေ့ အမေးအဖြေ များပြုလုပ်ကြပြီး စည်တော်ကို စင်ပေါ်သို့ တင်မြှောက်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက စည်တော်အား(၇)ချက်စီ တီး၍ ဆုမွန်ကောင်း တောင်းခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း ဆောင်ရွက်ပြီး ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံ တိုင်းရင်းသားများနှင့်အတူ စည်တော်ကို မဟာခနန် ပန်းခြံမှ ကျိုင်းတုံမြို့ နမ့်ခင်ရေချောင်းသို့ ပို့ဆောင် ကြသည်။

ယခုပွဲတော်ကို ကျိုင်းတုံမြို့နယ် တုံဂပူရီ (သို့မဟုတ်)ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုတို့၏ ဘိုးစဉ်ဘောင်ဆက် ဓလေ့ထုံးစံအရ ဘေးအန္တရာယ် ဟူသမျှ ကင်းစင်ပပျောက်စေခြင်း၊ ပြည်သူ ပြည်သားများ ကြံ့ခိုင်ကျန်းမာစေခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ရရှိစေပြီး ဆန်ရေစပါးပေါကြွယ်ဝစေခြင်းတို့အတွက် ရည်ရွယ်ကျင်းပလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်