နေပြည်တော် ၂၃ မတ် 
    

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတောင်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား မတ် ၂၂ ရက် နံနက်တွင် AA အဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်မှစစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိပြီး AA အဖွဲ့မှ အလောင်း ၃ လောင်းရရှိခဲ့ကြောင်း သိရသည်။
    

မတ် ၂၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် AA အဖွဲ့ မှ ၃၀ ခန့်က ရေခေါင်းချောင်း ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၄၀ဝ ခန့်အကွာမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် အင်အား ၅၀ ခန့်က ရေခေါင်းချောင်း ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၈၀ဝ ခန့်အကွာမှ  လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လည်းကောင်း တပ်မတော်စစ်ကြောင်းများအား စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
    

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ AA အဖွဲ့မှ အားကစားဝတ်စုံ အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အလောင်း ၃ လောင်းအား ရေခေါင်းချောင်းကျေးရွာအနီး AA အဖွဲ့ နေရာယူပစ်ခတ်ခဲ့သည့် နေရာတစ်ဝိုက်တွင် တွေ့ရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    

AA အဖွဲ့အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများအား အသုံးပြုအကာအကွယ်ရယူလျက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား မိုင်းထောင်/မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ပြန်လည်ခုခံရသည့်အခါ ရပ်ကွက်၊ ကျေးရွာများအတွင်း မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်သဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများ၌ AA အဖွဲ့အား လက်မခံကြရန်နှင့် မြို့၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဝင်ရောက်လာပါကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


(သတင်းစဉ်)