ပါမောက္ခဒေါက်တာဝင်းနိုင်
အားလပ်ရက်နားနေတုန်း ငယ်သူငယ်ချင်းတစ်ဦးက ဖုန်းဆက်ပါတယ်။ သူ့မိခင် နေမကောင်းလို့တဲ့။ အဆုတ်တီဘီတဲ့။ သလိပ်ပိုးတော့ မတွေ့ဘူးတဲ့။ တီဘီဆေး သောက်ရမယ်ဆိုလို့ သောက်နေတာ မသက်သာတဲ့အပြင် ပိုဆိုးလာတယ်တဲ့။ ဒါနဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ကျွန်တော် အဆုတ်ဆရာဝန်ကို သတိရပြီး ဖုန်းဆက်တာပါတဲ့။ အားလပ်ရက်ပေမယ့် ကိစ္စတစ်ခုနဲ့ ဆေးရုံကိုသွားရမှာမို့ ဆေးရုံကိုပဲ ချိန်းလိုက်ပါတယ်။ ဆေးစစ်ချက်တွေနဲ့ သောက်နေတဲ့ဆေးတွေပါ ယူခိုင်းလိုက်ပါတယ်။
ဆေးရုံရောက်တော့ သူငယ်ချင်းရော လူနာဖြစ်သူသူ့မိခင်ပါ တွေ့ရပါပြီ။ လူနာက အတော်လေးပိန်နေပြီး စိတ်ဓာတ်လည်း ကျနေပုံရပါတယ်။
ကျွန်တော်ဆရာဝန်။ ။ ကဲ သူငယ်ချင်းရေ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပေတော့။
သူငယ်ချင်း။ ။ ချောင်းဆိုးပြီး ဖျားဖျားနေလို့ ဆရာဝန်ဆီ သွားပြတာ တီဘီဆိုပြီး ဆေးတိုက်တယ်ကွာ။ တီဘီပိုးတော့မတွေ့ဘူးတဲ့။ ပြဿနာက ဆေးဒဏ်မခံနိုင်ဘူး။ ဆေးတိုက်လိုက်မှ အစားမဝင်၊ နေလို့ပိုမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေပြီ။ မင်းတွေ့တဲ့အတိုင်းပဲ။
ကျွန်တော်ဆရာဝန်။ ။ ဒေါ်လေးရေ မတွေ့တာ ကြာသွားလို့လား မပြောတတ်ဘူး။ နည်းနည်း ပိုပိန်သွားသလိုပဲ။
လူနာ။ ။ ငါ့တူရေ၊ မင်းသူငယ်ချင်း ပြောသလိုပဲ။ ဆေးသောက်လေ ပိုဆိုးလေမို့ ဖုန်းဆက် အကူအညီတောင်းရတာ။ ရုံးပိတ်ရက်နားနေတာ အားနာပါတယ်ကွယ်။
ကျွန်တော်ဆရာဝန်။ ။ ရပါတယ် ဒေါ်လေး။ ဒီနေ့က ကိစ္စတစ်ခုနဲ့ကြုံနေတာ၊ အပန်းမကြီးပါဘူး။ အားမနာပါနဲ့။ ဖြစ်ကြောင်းရယ်ကုန်စင်အောင် ပြောပြပါဦး။
လူနာ။ ။ အစက နည်းနည်းပါးပါး ဖျားတယ်ကွဲ့။ နောက်တော့ အစားပျက်၊ ချောင်းဆိုးပေါ့။ မင်းသူငယ်ချင်းက ဟိုဆေးလေးကောင်းဆို သောက်လိုက်၊ ဒီဆေးလေးကောင်းဆို သောက်လိုက်နဲ့ ကောင်းမလာဘူး။ ဒါနဲ့ ဆရာဝန်ဆီသွားတာပေါ့။
သူငယ်ချင်း။ ။ ငါတို့ မိသားစုဆရာဝန်က ဓာတ်မှန်ရိုက်ရမယ်၊ သွေးစစ်ရမယ်တွေပြောတာနဲ့ စစ်ဆေးတယ်ကွ။ အဖြေက မရေရာဘူးတဲ့။ ဓာတ်မှန်က အဆုတ်ပိုးဝင်တဲ့လက္ခဏာတဲ့။ ဒါပေမယ့်သလိပ်စစ်တော့ ပိုးမတွေ့ပြန်ဘူး။ သွေးအဖြေတွေကလည်း အတိအကျ အဖြေမထွက်ဘူးတဲ့။ အဲဒီတော့ အထူးကုသမားတော်ဆီ သွားပြတာပေါ့ကွာ။ မင်းကိုသတိရပေမယ့် အားနာတာနဲ့။
ကျွန်တော်ဆရာဝန်။ ။ အေးပါ။ ဟုတ်ပါပြီ။ ဒါနဲ့ ဆက်ပါဦး။
သူငယ်ချင်း။ ။ အထူးကုသမားတော်က တီဘီလို့ ယူဆတယ်။ တီဘီဆေးသောက်ပါဆိုလို့ သောက်လိုက်တာ။ မင်းမြင်တဲ့အတိုင်းပဲ၊ ပိုဆိုးသွားလို့ပေါ့ကွာ။
ကျွန်တော်ဆရာဝန်။ ။ အခြားရောဂါတွေများ ရှိသေးလား။ ဆီးချို၊ သွေးတိုး၊ နှလုံး စသည်တို့ပေါ့ကွာ။
လူနာ။ ။ ဆေးစစ်ချက်အရတော့ မရှိဘူးတဲ့။
ကျွန်တော်ဆရာဝန်။ ။ ဟုတ်ပါပြီ၊ ဒေါ်လေးရေ။ စမ်းကြည့်လိုက်ဦးမယ်နော်။ မေးရင်း၊ စမ်းရင်း၊ ဓာတ်မှန်၊ ဓာတ်ခွဲအဖြေတွေကြည့်ရင်း သုံးသပ်လိုက်မိတာကတော့ သလိပ်တီဘီပိုး မတွေ့တဲ့ အဆုတ်တီဘီ ဖြစ်နေကြောင်းပါ။ မျက်စိရော အသားပါ အနည်းငယ်ဝါနေတာလည်း တွေ့ရပါတယ်။ မစားနိုင်လို့ အသားအရေပါ ခြောက်ကပ်လို့နေပါတယ်။
ကျွန်တော်ဆရာဝန်။ ။ သူငယ်ချင်းရေ၊ တီဘီတော့ တီဘီပဲ။ ဒါပေမယ့် တီဘီဆေး ရပ်ထားဦး။ ဆေးဒဏ်မခံနိုင်ဘူး။ လိုအပ်တဲ့ သွေးစစ်တာတွေလုပ်ရမယ်။ ပြီးမှ လိုအပ်သလို တီဘီဆေး ပြန်တိုက်ရမယ်။
သူငယ်ချင်း။ ။ ငါ နားမရှင်းဘူးဖြစ်နေတယ်ကွာ။ အရင်သမားတော်တုန်းကလည်း သလိပ်ပိုး မတွေ့ဘူးတဲ့။ တီဘီပဲတဲ့။ တီဘီဆေးတိုက်တော့ ပိုဆိုးသွားတာ မင်းအမြင်ပဲ။ အခု မင်းကလည်း ဆေးဒဏ်မခံနိုင်ဘူးတဲ့။ ဒါပေမယ့် ဆေးပြန်တိုက်ဦးမယ်တဲ့။ ရှင်းပြပါဦးကွ။
ကျွန်တော်ဆရာဝန်။ ။ အေးပါကွာ။ ရှင်းပါ့မယ်။ အခုတော့ ဒေါ်လေးကို သွေးစစ်လိုက်ဦး။ အားဆေးလည်း သွင်းခိုင်းလိုက်မယ်နော်။ ငါလည်းမင်းနဲ့ စကားမပြောရတာကြာပြီ။ ဒီနားက လက်ဖက်ရည်ဆိုင်မှာ အဆာပြေ တစ်ခုခုစားရင်း ပြောကြတာပေါ့ကွာ။
လူနာကို လိုအပ်တဲ့ သွေးစစ်၊ ဆေးသွင်းတာတွေ လုပ်ခိုင်းထားပြီး သူငယ်ချင်းနဲ့ စားသောက်ရင်း စကား လက်ဆုံကျပါတော့တယ်။ အကြောင်းကတော့ ပိုးမတွေ့တီဘီပေါ့။ စိတ်မရှည်နိုင်တော့တဲ့ သူငယ်ချင်းကပဲ စပြောပါတော့တယ်။
သူငယ်ချင်း။ ။ အဆုတ်တီဘီဆို ငါတို့နားလည်တာက ချောင်းဆိုးမယ်။ သလိပ်ထွက်မယ်။ သွေးပါနိုင်တယ်။ သလိပ်စစ်ရင် ပိုးတွေ့မယ်ပေါ့ မဟုတ်ဘူးလား။
ကျွန်တော်ဆရာဝန်။ ။ အဆုတ်တီဘီလူနာ အားလုံးရဲ့ တစ်ဝက်အတွက်တော့ မှန်တယ်။ ကျန်လူနာ တစ်ဝက်မှာတော့ ပိုးမတွေ့ရဘူးကွ။ ဒါတောင်သလိပ်ကို နှစ်ရက်၊ သုံးရက် ဆက်ပြီးစစ်တာနော်။ ပိုးအများဆုံး တွေ့ရတတ်တဲ့ မနက်အိပ်ရာထသလိပ်များများကို စစ်တာတောင် ၅၀ ရာခိုင်နှုန်းလောက်မှာပဲ ပိုးတွေ့ရတာ။ သလိပ်ကောင်းကောင်း မထုတ်တတ်တဲ့သူနဲ့ သလိပ်ကောင်းကောင်းမထွေးဘဲ တံတွေးတွေသာပေးပြီး စစ်မယ်ဆိုရင် ပိုးတွေ့ဖို့ မရှိသလောက်ပဲ။
သူငယ်ချင်း။ ။ အဲဒီတော့ ပိုးမတွေ့ဘဲမှန်းပြီး တီဘီဆေး ပေးတော့တာပဲလား။
ကျွန်တော်ဆရာဝန်။ ။ ဟား ဟား၊ ဒီလိုတော့လည်း မဟုတ်ရပါဘူးကွာ။ ဆေးကုရာမှာ မှန်းဆချက်တွေ မပါလို့တော့ မရတာမှန်ပေမယ့် အခြားစစ်ဆေးလို့ရတာတွေ ရှိသေးတယ်လေ။ ဥပမာ- ဓာတ်မှန်ပေါ့။
သူငယ်ချင်း။ ။ မင်းကသာ ဓာတ်မှန်ကိုညွှန်းနေ၊ အဲဒီ ဓာတ်မှန်က အဖြူ၊ အမည်းကြီး။ ခေတ်မီနေတဲ့ အခုအချိန်မှာ အရောင်တွေဘာတွေနဲ့ အထူးဓာတ်မှန်မပေါ်သေးဘူးလား။ အဖြူ၊ အမည်းကြီးကိုကြည့်ပြီး ပိုးဝင်တယ်၊ တီဘီဖြစ်တယ်နဲ့ဆိုတော့ ငါတော့ ခပ်ကြောက်ကြောက်။
ကျွန်တော်ဆရာဝန်။ ။ စိတ်လျှော့ပါကွာ၊ မင်းကလည်း။ အဖြူ၊ အမည်း ဓာတ်မှန်မှာလည်း ဒီအချက်တွေဆို တီဘီ၊ ဒီအချက်ဆို ကင်ဆာစသဖြင့် ရောဂါလက္ခဏာသတ်မှတ်ချက်တွေ ရှိပါသေးတယ်ကွ။ ဓာတ်မှန်နဲ့ ရောဂါသတ်မှတ်လို့ရပါတယ်။
သူငယ်ချင်း။ ။ ဟို CT scan ဆိုတာကြီးလည်း အဖြူ၊ အမည်းပဲ မဟုတ်လား။
ကျွန်တော်ဆရာဝန်။ ။ ဟဲ ဟဲ ဟုတ်ပါ့။ ဒါပေမယ့် ရိုးရိုးဓာတ်မှန်ထက်ပိုပြီး ရောဂါ ခွဲခြားနိုင်တယ်။ ဒါပေမယ့် စရိတ်စကကြီးသလိုဓာတ်ရောင်ခြည်အန္တရာယ်ကလည်း ရှိပြန်ရော။ အထူးသဖြင့် ခဏခဏ ရိုက်ရင်ပေါ့။
သူငယ်ချင်း။ ။ ငါကတော့ကွာ၊ ဒီရောဂါ ရှိ၊ မရှိ ၁၀ဝ ရာခိုင်နှုန်းပြတဲ့ တိကျတဲ့ အဖြေရမယ့်စမ်းသပ်မှုပဲ လုပ်ချင်တယ်။ ဥပမာကွာ သွေးစစ်လိုက်မယ် (+) ရှိတယ်၊ ဒါမှမဟုတ် (-) မရှိဘူး၊ ဒါဆိုရင် ရှင်းရောပဲ။ အဲဒါမျိုး မရှိဘူးလား။
ကျွန်တော်ဆရာဝန်။ ။ အဲဒီလိုသာရှိမယ်ဆိုရင် တီဘီလည်း လူ့လောကမှာ ရှိချင်မှရှိတော့မှာ။ ရောဂါရှိသူ၊ မရှိသူ ခွဲခြားသိမှဖြင့် ရောဂါရှိသူကို ဆေးအပြတ်ကုလိုက်။ ဒါဆို တီဘီရောဂါရှင်းပြီပေါ့။ အဲဒီလိုလည်း မရသေးဘူးကွ၊ သူက မာယာများတယ်။
သူငယ်ချင်း။ ။ မင်းကလည်း ဒီတီဘီပိုးလေးကို မာယာများတယ်တဲ့။ ကဲ ပြောစမ်းပါဦး။ မင်းတီဘီရဲ့ မာယာတွေ။
ကိုယ့်စကားနဲ့ကိုယ်ပတ်ဆိုသလိုမျိုး ရှင်းပြလေ ရှုပ်လေနဲ့။ အထုပ်ဖြေပြလိုက်တာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်လိုက်ရင်း။
ကျွန်တော်ဆရာဝန်။ ။ သူငယ်ချင်း၊ မင်း ခေတ်စကား ဂျင်းထည့်တယ်ဆိုတာ သိတယ်မဟုတ်လား။
သူငယ်ချင်း။ ။ အေးလေ၊ ဂျင်းထည့်ခံရတယ်ဆိုတာ မသိမသာအနှပ်ခံရတာ၊ မဟုတ်တာ အလုပ်ခံရတာ။ ဟုတ်တယ်ဟုတ်။
ကျွန်တော်ဆရာဝန်။ ။ ဟုတ်ပါ့၊ တီဘီနဲ့ပတ်သက်ပြီး ဂျင်းနှစ်ခုရှိတယ်။ အရပ်ထဲက သုံးတဲ့ဂျင်း (ချင်း) နဲ့ အသံထွက်တူတဲ့ Gene ပဲ။ အဓိပ္ပာယ်လည်း ဆင်ပါတယ်။ ပထမဂျင်းက Gene Expert Test ပဲ။ လွယ်လွယ်ဆို တီဘီဂျင်းစစ်တယ်။ ကွန်ပျူတာနဲ့စစ်တာလို့ ပြောတာပါကွာ။ စောစောက ပြောခဲ့တဲ့သလိပ်ပိုးမတွေ့ တီဘီတွေမှာ Gene Expert Test နဲ့စစ်ရင် ပိုးဗီဇတွေ့ရတာတွေ ရှိတယ်။ ရိုးရိုးသလိပ်တီဘီပိုး စစ်တာထက် ပိုကောင်းတာပေါ့။ ဆေးယဉ်၊ မယဉ်ပါ တစ်ခါတည်း ခွဲခြားနိုင်တယ်။
သူငယ်ချင်း။ ။ ဒါဆို ရိုးရိုးမစစ်ဘဲ ဂျင်းကြီးပဲ စစ်ပစ်လိုက်ရင် မကောင်းဘူးလား။
ကျွန်တော်ဆရာဝန်။ ။ သူ့မှာလည်း ကန့်သတ်ချက်တွေ၊ အားနည်းချက်တွေရှိသေးတယ်။ စက်တပ်ဆင်ခ၊ စက်ကိုင်မယ့် ကျွမ်းကျင်ဓာတ်ခွဲမှူး၊ ထွက်လာတဲ့အဖြေကိုသုံးသပ်ရမှုတွေပေါ့။ အသုံးအတော်တည့်ပေမယ့် ၁၀ဝ ရာခိုင်နှုန်း ကောင်းပြီလို့တော့ မပြောနိုင်သေးဘူး။ နောက်တစ်ချက်က မူရင်းကောင်းမှ မိတ္တူကောင်းမည်ဆိုသလိုပဲ လူနာကပေးလိုက်တဲ့သလိပ်ဟာ ကွာလတီသလိပ် ဖြစ်ဖို့လိုတယ်။ လုံလောက်တဲ့ပမာဏရှိတဲ့၊ အဆုတ်ထဲက ထွက်လာတဲ့ သလိပ်ကိုပေးမှ အဖြေမှန်နဲ့နီးစပ်မှာ။ တံတွေးဆို မရဘူး။ သွေးမပါစေရဘူး။ ဒါကြောင့် သလိပ်ကို Gene စစ်လို့မတွေ့ရင် မတွေ့ဘူး။ တီဘီမဟုတ်ဘူးလို့ ၁၀ဝ ရာ ခိုင်နှုန်း မပြောနိုင်ပြန်ဘူး။ အခြားအချက်တွေနဲ့ ဆက်စပ်သုံးသပ်ရပြန်တယ်။
သူငယ်ချင်း။ ။ မင်းဟာက နားထောင်ကောင်းပြီးမှ အဖျားရှူးသွားပြန်ပြီ။ မှန်းဆရတာ ဖြစ်လာပြန်ပြီ။
ကျွန်တော်ဆရာဝန်။ ။ အေးပေါ့ကွာ၊ ဒါ့ကြောင့် ဆေးကုတဲ့နေရာမှာ ဆရာဝန်တွေ ပါနေရသေးတာပေါ့။
သူငယ်ချင်း။ ။ ကဲ ဆက်ပြောဦး၊ နောက်ဂျင်းအကြောင်း။
ကျွန်တော်ဆရာဝန်။ ။ အေး နောက်တစ်ဂျင်းက ဂျင်း (ချင်း) သုပ် သုပ်စားတဲ့ဂျင်း (ချင်း) လိုပဲ ပူစပ်လေးကွ။
သူငယ်ချင်း။ ။ မင်းကတော့လုပ်ပြီ၊ တီဘီရောဂါမှာ ပူစပ်မှမရှိတာ။
ကျွန်တော်ဆရာဝန်။ ။ ဒီလိုပါကွာ၊ ဒီဂျင်းက တီဘီပိုးရဲ့ Gene လို့ပဲ ဆိုကြပါစို့။ တီဘီက တစ်ဦးကတစ်ဦး ဘယ်လိုကူးတယ်လို့ မင်းသိထားလဲ။
သူငယ်ချင်း။ ။ ကျန်းမာရေးပညာပေးတွေမှာ တွေ့နေတာကတော့ လူနာချောင်းဆိုး၊ နှာချေရင် အဆုတ်ထဲက တီဘီပိုးတွေက လေထဲရောက်၊ အနီးအနားမှာရှိတဲ့လူက အဲဒီပိုးပါလေကို ရှူမိ၊ ဒီတော့ နောက်တစ်ယောက်ကို ကူးပေါ့။ ဟုတ်တယ်ဟုတ်။
ကျွန်တော်ဆရာဝန်။ ။ ဟုတ်သပါ့။ တီဘီလူနာတွေ ကြည့်ရတဲ့ အဆုတ်ဆရာဝန်ငါ့မှာဆိုရင် တီဘီပိုး တော်တော်များများ ရှိနေလောက်ပြီ။
သူငယ်ချင်း။ ။ မင်းကျတော့ ဘာဆေးတွေ သောက်ပြီး ကာကွယ်ထားလို့ ရောဂါမဖြစ်တာလဲ။ ငါ့ကို ပြောပြဦး။ ငါ့မှာလည်း အမေ့ဆီက ရောဂါကူးပြီး လောက်ပြီ။
ကျွန်တော်ဆရာဝန်။ ။ အကောင်းဆုံး ကာကွယ်နည်းက ပိုးမဝင်အောင် တားဖို့ပဲ။ ချောင်းဆိုး၊ နှာချေရင် လူနာရဲ့နှာခေါင်းနဲ့ ပါးစပ်ကိုလက်ကိုင်ပဝါ၊ နှာခေါင်းစည်းနဲ့ လုံခြုံအောင်ပိတ်ကာပြီး ပေးရမယ်။ လူနာက လုပ်ရမှာနော်။ သူ့ဆီက ပိုးမထွက်အောင်ပေါ့။ ဒါမှ ဘေးလူကို မကူးတော့ဘူးပေါ့။ လူနာတွေကိုယ်တိုင်က ကာကွယ်ပေးနိုင်မှ၊ နှာခေါင်းစည်းကို စနစ်မှန်မှန်သုံးနိုင်မှ မကူးစက်တော့မှာလေ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက ကိုယ့်ဆီပိုးမဝင်အောင်၊ တစ်နည်းအားဖြင့် လူနာဆီက ပိုးတွေမထွက်လာအောင် တားဆီးရတာပဲလေ။
သူငယ်ချင်း။ ။ အဲဒီလို အနီးအနားကလူတွေ နှာခေါင်းစည်း တပ်ထားရင်ကော။
ကျွန်တော်ဆရာဝန်။ ။ မင်းစဉ်းစားကြည့်ပါဦး။ လူနာ တစ်ယောက်တည်းက တပ်လိုက်ရင် ကောင်းမလား။ မိသားတစ်စုလုံး တပ်လိုက်ရင် ကောင်းမလား။
သူငယ်ချင်း။ ။ အေး အဲဒါလည်း ဟုတ်သားပဲ။ လူနာကိုတပ်ခိုင်းရမှာပေါ့။
ကျွန်တော်ဆရာဝန်။ ။ ဒီအပြင် အခြားသူတွေက တပ်ရင် ရိုးရိုးနှာခေါင်းစည်းက မကာကွယ်နိုင်ဘူး။ N – 95 ဆိုတဲ့ အထူးနှာခေါင်းစည်း တပ်ရတယ်။ ဈေးကလည်း ကြီးတယ်။ အသက်ရှူရလည်း ခက်မယ်။ လူတိုင်းတပ်ဖို့ မဖြစ်နိုင်ဘူး။
သူငယ်ချင်း။ ။ ဟုတ်ပါပြီကွာ။ အလုပ်ရှုပ်ပြီး မသေချာဘူး။ ဒီတော့ လူနာကိုသာ နှာခေါင်းစည်း တပ်ခိုင်းလိုက်တာ ကောင်းပါတယ်။ အေးလေ၊ နောက်ဆို အမေချောင်းဆိုးရင် အဲဒီလိုအုပ်ခိုင်းမယ်။ တစ်အိမ်သားလုံး မကူးစက်အောင်ပေါ့။ အဲ ငါ့ကိုယ်ထဲဝင်သွားတဲ့ ပိုးတွေကျတော့ကော၊ ဆေးမသောက်ရတော့ဘူးလား။
ကျွန်တော်ဆရာဝန်။ ။ သောက်ရင်တော့ တီဘီဆေး သောက်ရမှာ။ သူငယ်ချင်း။ ။ အမယ်လေး၊ ဆေးထဲမှာ တီဘီဆေးတော့ လန့်တယ်။ အမေ့ကို ကြည့်ပြီးတော့လေ။
ကျွန်တော်ဆရာဝန်။ ။ နောက်တစ်ချက် ရှိသေးတယ်။ ကဲ ဆိုပါတော့၊ မင်းက တီဘီဆေးသောက်လိုက်လို့ မင်းကိုယ်ထဲဝင်သွားတဲ့ တီဘီပိုးတွေ ရှင်းသွားပြီဆိုပါတော့၊ မင်းတစ်သက်မှာ တီဘီပိုး ထပ်မဝင်တော့ဘူးလို့ မင်းယူဆနိုင်မှာလား။
သူငယ်ချင်း။ ။ တီဘီရောဂါက ငါ့အမေ တစ်ယောက်ထဲမှာမှ ရှိတာမဟုတ်တာ။ အမေ တီဘီဖြစ်တော့ ဟိုမေးဒီမေးနဲ့မေးကြည့်တော့ အနီးနားမှာ တီဘီဖြစ်ဖူးသူတွေ၊ တီဘီဖြစ်နေတဲ့သူတွေ မရှားဘူးကွ။ ဒါနဲ့ မင်းပြောတဲ့ နောက်ထပ်ဂျင်းတစ်ခုက ဘာလဲ။
ကျွန်တော်ဆရာဝန်။ ။ ဒီလိုလေ။ လူနာကနေထွက်လာတဲ့ တီဘီပိုးက အခြားလူတွေရဲ့အဆုတ်ထဲ ဝင်ပြီးသွားရင် ရောဂါတန်းမဖြစ်ဘူး။ မြုံနေတယ်။ ပိုးအဝင်ခံရတဲ့သူက အကြောင်းအမျိုးမျိုးကြောင့် အားနည်းတာဖြစ်လာရင် ရောဂါထဖြစ်ရော။ လူနာ တစ်ယောက်ဆီကနေ တစ်နှစ်အတွင်းမှာ နောက်ထပ်လူနာ ၁၀ ယောက်လောက် ထပ်ပွားလာတယ်။ တီဘီက သူ့မျိုးစေ့တွေ ဖြန့်ထားတာပေါ့ကွာ။ ဂျင်းမိကုန်တာပေါ့။
သူငယ်ချင်း။ ။ အဲဒီဂျင်းက မင်းပြောတဲ့ တကယ့် ပူစပ်ဂျင်းပါလား။ ဒါကြောင့် တီဘီတွေမပြတ်တာကိုး။ ဒါဆို ဒီဂျင်းတွေကို မင်းဘယ်လိုရှင်းပစ်မလဲ။
ကျွန်တော်ဆရာဝန်။ ။ ရောဂါဖြစ်သူလို့ သံသယရှိရင် ချက်ချင်းစစ်၊ ဆေးမြန်မြန်တိုက်၊ ဂျင်းတွေပြုတ်ရော။ ရောဂါမကူးစက်အောင်နှာချေ၊ ချောင်းဆိုးရင် နှာခေါင်းစည်းကို စနစ်မှန်မှန်သုံး။ ဒါဆို ဂျင်းမထွက်တော့ဘူး။ ဂျင်းအထည့်မခံရတော့ဘူးပေါ့။
သူငယ်ချင်း။ ။ မင်းပြောတဲ့ ဂျင်းတွေအကြောင်း နားလည်ပါပြီ။ ပိုးမတွေ့တီဘီအကြောင်းလည်း တော်တော်လေး သိပါပြီကွာ။ ရှင်းပြလို့ ကျေးဇူးပါ။
ကျွန်တော်ဆရာဝန်။ ။ ကဲ လူနာဆီပြန်ကြရအောင်။ အဆင်ပြေအောင် ဆက်ကုပေးပါ့မယ်ကွာ။ ကောင်းသွားမှာပါနော်။
သူငယ်ချင်း။ ။ ကျေးဇူးပါပဲ သူငယ်ချင်းရာ။
ကျွန်တော်ဆရာဝန်။ ။ အေးပါကွာ၊ မင်းလည်းတီဘီရဲ့ ဂျင်းတွေနဲ့ကင်းဝေးပါစေ။
(တီဘီရောဂါတိုက်ဖျက်ရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်ကြသော လူနာနှင့် လူနာရှင်များအားလုံးကို တီဘီရောဂါ ကင်းဝေးကြပါစေကြောင်းနှင့် တီဘီရောဂါကိုအပြီးတိုင် တိုက်ထုတ်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။)