တောင်ငူ ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦးအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်ရှိ ဘုရားကိုးဆူ အာရုံခံတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ သြဝါဒါစရိယဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အောင်မြင်ဇေယျုံ ဆရာတော် ဘဒ္ဒန္တဇဝနထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သြဝါဒါစရိယဆရာတော်ကြီးများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ဒါယကာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အလှည့်ကျ သံဃာတော်အရှင်မြတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက သြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)


