နေပြည်တော် ဧပြီ ၂၀
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့နှင့်ပူးပေါင်း၍ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ထိုသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီ ဂါလန် ၆၅၀ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် စက်သုံးဆီ ဂါလန် ၁၁၀ ကို လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်တို့တွင် စက်သုံးဆီ ၂၂၇၁ ဂါလန်ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် စက်သုံးဆီ ၄၅၇၈ ဂါလန်ကိုလည်းကောင်း စုစုပေါင်း ၇၆၀၉ ဂါလန်ကို လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချခဲ့သည်။
ဖြန့်ဖြူးရောင်းချပေးသွားမည်
ကျန်ရှိနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တောင်သူများထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


