နေပြည်တော် ဧပြီ ၂၀
အရှေ့တောင်တိုင်းစစ်ဌာနချုပ် မိသားစုဝင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေမျိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး မော်လမြိုင်မြို့နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ကျောင်းသား ကျောင်းသူများ၏ ၃၈ ဖြာမင်္ဂလာ တရားတော်များနှင့် ပြည်သူ့နီတိတို့မှ မင်္ဂလာတရားတော်များကို တေးသရုပ်ဖော်ကပြမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် သင်တန်းသား ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား သင်တန်းသူ ၅၀ဖြင့်လည်းကောင်း၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၇ ဦးဖြင့် လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား သင်တန်းသူ ၃၄ ဦး ဖြင့်လည်းကောင်း ဧပြီ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


