ရန်ကုန် ဧပြီ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲနှင့် အသက်မွေးဝမ်းကျောင်း ကွန်ပျုတာ (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဝင်း၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌဦးကျော်ကျော်စိုးတို့က အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များရုံးအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်ထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးသည်။

 

ဆက်လက်၍ အသက်မွေးဝမ်းကျောင်း ကွန်ပျုတာသင်တန်း ဖွင့်ပွဲကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူများ သင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

 

အသက်မွေးဝမ်းကျောင်း ကွန်ပျူတာ(အခြေခံ) သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၈၀ တက်ရောက်ခဲ့ပြီး နံနက်ပိုင်း ၄၀ မွန်းလွဲပိုင်း ၄၀ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကာလ ခြောက်ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ​

အောင်မြင့်(ပြန်/ဆက်)