နေပြည်တော် ၂၄ မတ်
ဧပြီ ၁ ရက်မှစ၍ အော်ပရေတာများအနေဖြင့် လူတစ်ဦးလျှင် ဆင်းကတ် နှစ်ကတ်သာ ရောင်းချသွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သုံးစွဲသူများ အနေဖြင့် မိမိနှစ်သက်ရာ အော်ပရေတာများထံမှ ဆင်းကတ် နှစ်ကတ်စီ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောကြားသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလျှင် ဧပြီ ၁ ရက်မှစတင်၍ ဆင်းကတ်နှစ်ကတ်သာ ကိုင်ဆောင်ခွင့်ပြုမည်ဆိုသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းစွာသိရှိနိုင်စေရန် အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တယ်လီဖုန်းအော်ပရေတာများဖြစ်သည့် MPT, Telenor, Ooredoo နှင့်MyTel တို့သည် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁ ရက်မှစတင်၍ အသိအမှတ်ပြု သက်သေခံကတ်ပြားကိုင်ဆောင်ထားသည့် လူတစ်ဦးလျှင် အော်ပရေတာ တစ်ခုစီထံမှ ဆင်းကတ်နှစ်ကတ်စီ ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်သည်။
''လာမယ့် ဧပြီ ၁ ရက်ကစပြီး ဆင်းကတ်ဝယ်တဲ့နေရာမှာ အသိအမှတ်ပြု ကတ်ပြားတစ်ခုခုပြပြီးဝယ်ရမယ်။ ဝယ်တဲ့အခါမှာလည်း ဘယ်အော်ပရေတာဆီမှာမဆို ဆင်းကတ်နှစ်ကတ်ပဲ ဝယ်လို့ရမယ်။ အခု လမ်းဘေးမှာ ချရောင်းနေတာတွေ တွေ့ရှိနေရပါတယ်။ အဲဒီလမ်းဘေးမှာ ချရောင်းနေတာတွေက ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားတာ မဟုတ်တဲ့အတွက် မဝယ်သင့်ပါဘူး၊ သက်ဆိုင်ရာအော်ပရေတာတွေက ရောင်းချတဲ့ တရားဝင် ဆိုင်တွေမှာပဲ မိမိအမည်နဲ့ မှန်မှန်ကန်ကန် မှတ်ပုံတင်ဝယ်ယူပြီး အသုံးပြုသင့်ပါတယ်''ဟု အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းဖြင့် ဆင်းကတ် အမြောက်အမြားကို ဝယ်ယူအသုံးပြု၍ တစ်ဆင့်ပြန်လည်ရောင်းချလျက် ရှိခြင်း၊ မှန်ကန်စွာမှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များကို ဈေးကွက် တွင် အလွယ်တကူ သုံးစွဲနေခြင်းတို့ကြောင့် Mobile ငွေကြေးဝန်ဆောင်မှုများ စနစ်တကျလုံခြုံမှုရှိစေရေးနှင့် အများပြည်သူ၏ လုံခြုံရေးကိုထိရောက်စွာ အကာအကွယ်ပေးရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဦးစိုးသိန်းက ''အရင်တုန်းကတော့ ဆင်းကတ်တွေကို နှစ်ခုထက်ပိုပြီး သုံးနေကြတာတွေရှိတယ်။ အပြင်မှာလည်း ရောင်းနေတာတွေရှိတယ်။ အဲဒါတွေအများစုက အမည်အမှန်နဲ့ မှတ်ပုံတင်ထားတာတွေမဟုတ်တဲ့အတွက်Mobile ငွေကြေးဝန်ဆောင်မှုတွေလုပ်တဲ့အခါကျတော့လည်း စိတ်မချရဘူး၊ အဆင်မပြေဘူး။ ဒါ့အပြင် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအရရော၊ နိုင်ငံတော် လုံခြုံရေးအတွက်ရော အဆင်မပြေဘူး။ ဒါကြောင့် အခုလာမယ့် ဧပြီ ၁ ရက်ကနေစပြီးတော့ အော်ပရေတာတစ်ခုစီအနေနဲ့ လူတစ်ယောက်ကို ဆင်းကတ်နှစ်ခုပဲ အမှန်တကယ်သုံးစွဲသူအမည်နဲ့ မှတ်ပုံတင်ပြီး ရောင်းချဖို့ ညွှန်ကြားထားပါတယ်။ လူတိုင်းကို ကိုယ့်နာမည်နဲ့ကိုယ်မှတ်ပုံတင်ပြီး ဆင်းကတ်တွေသုံးစေချင်တယ်။ ကိုယ့်နာမည်နဲ့မှတ်ပုံတင်ထားတဲ့ ဆင်းကတ်ကို တခြားသူတွေကသုံးစွဲနေမယ်ဆိုရင်လည်း ဆင်းကတ်သုံးစွဲမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုဖြစ်လာခဲ့ရင် မိမိမှာတာဝန်ရှိမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ အော်ပရေတာတွေကို မေးမြန်းစိစစ်ပြီးတော့ ပိတ်ခိုင်းဖို့ လိုပါတယ်'' ဟု ပြောသည်။
ဆက်လက်၍ ၄င်းက''လက်ရှိအနေအထားအရ မှတ်ပုံတင်မရှိသေးသူတွေ၊ တောရွာဒေသတွေမှာသုံးနိုင်ဖို့အတွက်ကလည်း အရေးကြီးတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးတဲ့သူတွေကတော့ ယာဉ်မောင်းလိုင်စင်တွေ၊ ကျောင်းသားကတ်ပြား အဲဒီလိုဟာတွေနဲ့ ဝယ်ခွင့်ပေးထားပါတယ်။
နိုင်ငံခြားသားဆိုရင်လည်း ပတ်စ်ပို့တွေနဲ့ဝယ်လို့ရအောင် လုပ်ထားပါတယ်။ တွေ့ကြုံလာတဲ့အခက်အခဲတွေအပေါ် မူတည်ပြီးတော့လည်း လိုအပ်တာတွေကို ပြန်လည်ဖြည့်စွက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
လက်ရှိအနေဖြင့် မှန်ကန်စွာမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် တယ်လီဖုန်းဆင်းကတ်များနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက် ရမည်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သီးခြားညွှန်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


