ဝါရှင်တန် ဧပြီ ၂၄
နည်းပညာကုမ္ပဏီများဖြစ်ကြသည့် မီတာနှင့် မိုက်ခရိုဆော့ဖ်တို့က ၎င်းတို့၏ ဝန်ထမ်း ထောင်ပေါင်းများစွာကို လျှော့ချရန် စီစဉ်နေကြောင်း အမေရိကန်မီဒီယာများက ယနေ့သတင်း ဖော်ပြသည်။
ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထား သောကြောင့် ကုန်ကျစရိတ်များကို လျှော့ချရန်လိုအပ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မီတာကုမ္ပဏီက မေလတွင် ၎င်း၏ဝန်ထမ်း ၈၀၀၀ ခန့်ကို လျှော့ချမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်သားအင်အားသည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အား၏ ၁၀ ရာခိုင် နှုန်းဖြစ်သည်။ ထို့ပြင် ကုမ္ပဏီက ရာထူးနေရာ ၆၀၀၀ ခန့်ကို ဝန်ထမ်းများ ထပ်မံခန့်အပ်ခြင်းမရှိဘဲ လစ်လပ်နေရာများ အဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီ၏ ဆောင်ရွက်ချက်များကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များ နည်းပါးရန် ဝန်ထမ်းအင်အားကို လျှော့ချရခြင်းဖြစ်ကြောင်း မီတာ ကုမ္ပဏီက ပြောကြားခဲ့သည်။
အလားတူ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက အမေရိကန် ပြည်ထောင်စုအတွင်းရှိ ၎င်း၏ ဝန်ထမ်းများအနက်မှ ၈၇၀၀ ခန့် (ဝန်ထမ်းအင်အား၏ ခုနစ်ရာခိုင်နှုန်း) ကို မိမိဆန္ဒအလျှောက် အငြိမ်းစားယူနိုင်ရန် စီစဉ်ပေးလျက် ရှိသည်။
အဆိုပါ ထောက်ပံ့ပေးမှုအစီအစဉ်သည် ကုမ္ပဏီ၏သမိုင်းတွင် အကြီးမားဆုံးဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ပြောသည်။
အမေဇုန်ကုမ္ပဏီက ကမ္ဘာတစ်ဝန်းရှိ အလုပ်အကိုင်ပေါင်း ၁၆၀၀၀ ကို လျှော့ချရန် စီစဉ်နေကြောင်း ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


