နေပြည်တော် ဧပြီ ၂၅

ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့သည် ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။ မြောက်ဘက်တွင် တီးတိန်မြို့နယ်နှင့် တောင်ဘက်တွင် ဟားခါးမြို့နယ်တို့ တည်ရှိကာ ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည် နယ်​၏ ပထမဆုံးလေဆိပ်ရှိသည့်မြို့ဖြစ်သည်။ ဖလမ်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ဘက်သို့ လည်းကောင်းသွားလာနိုင်ပြီး အချက်အချာကျပြီး နယ်မြေအေးချမ်းသည့် မြို့တစ်မြို့ဖြစ်သည်။

ထိုကဲ့သို့သော နယ်မြေအေးချမ်းသည့် တောင်ပေါ်ဒေသတွင် ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့၏ သွေးထိုးမြှောက်ပင့်မှုနှင့်အတူ ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံး သိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများပို့ချပေးခဲ့သည်။ ထိုသို့ အကြမ်းဖက် သမားများအဖြစ် မွေးထုတ်ပေးကာ နယ်မြေခံပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးပြီး အစိုးရအုပ်ချုပ်ရေးယန္တရားများ ပျက်စီးကာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးစေရန်ရည်ရွယ်၍ ချင်းညီနောင် စစ်ဆင်ရေးအမည်ဖြင့် မြို့ရွာများတွင် တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်း အသုံးပြု၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဖလမ်းမြို့အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ်တောင့်၊ လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်များဖြင့် အသက်ကို ပဓာန မထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတွန်းလှန်ခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် အတင်းအဓမ္မခြိမ်းခြောက် လူသစ်စုဆောင်းခြင်းဖြင့် ရရှိလာသော သာလွန်အင်အားများကိုအသုံးပြုကာ ဒေသခံတိုင်းရင်းသားပြည်သူလူထုအား လူသား တံတိုင်းအဖြစ် အသုံးချ၍ တိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းရင်းသား ပြည်သူများ ထိခိုက်မှုမရှိစေရန်နှင့် ပြည်သူလူထု၏ နေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ထိန်းထိန်း သိမ်းသိမ်းဖြင့် ခုခံခဲ့သည်။ ထိုသို့ စစ်ဆင်ရေးကာလ ခြောက်လကြာမျှခုခံခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ထိခိုက်၊ ဒဏ်ရာရရှိမှု များပြားလာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် စနစ်တကျဆုတ်ခွာခဲ့ရသဖြင့် အကြမ်းဖက်သောင်းကျန်းသူများသည် ဖလမ်းမြို့အား ယာယီ စိုးမိုးခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ် ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်သည့် ဖလမ်းမြို့အား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးနှင့် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ကလေးမြို့နှင့် တီးတိန်မြို့တို့၌လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများနှင့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်စုဖွဲ့၍ စစ်ကြောင်းများခွဲပြီးနယ်မြေရှင်းလင်းခြင်းများ စတင်ခဲ့ကာ တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူထိုးဖောက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသော သာယာ ကုန်းကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် နတ်ချောင်းတံတားအားလည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်း အားလည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကနေဒီတောင်နှင့် ဝေဘူလစခန်းတို့အားလည်းကောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပွိုင့် -၂၀၆၄ တောင်ကုန်း အားလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်သိုင်းငင်း စခန်းအားလည်းကောင်း၊နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပွိုင့် ၁၃၆၁ တောင်ကုန်းအား လည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဇောင်ကောင်ကျေးရွာအား လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဇွယ်လေကျေးရွာအား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထင်းရှူးစခန်းကျေးရွာအား လည်းကောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ပါသဲကျေးရွာအားလည်းကောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင် ဗားတံတားအားလည်းကောင်း၊ ဧပြီလ ၂၂ ရက်နေ့ တွင် ခွန်လီကျေးရွာအား လည်းကောင်း၊ ဧပြီလ၂၃ ရက်နေ့တွင် ပွိုင့် ၁၇၁၀ တောင်ကုန်း၊ ကြောင်ဟင်ရှာကျေးရွာနှင့် ဆွန်ဟရန်ကျေးရွာတို့အား လည်းကောင်း၊ ဧပြီလ ၂၄ ရက်နေ့ တွင် ဆူရ်ဘုန်လေဆိပ်နှင့် ဆီဇာမော် ကျေးရွာတို့အားလည်းကောင်း အသီးသီးအောင်မြင်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဧပြီ ၂၅ ရက်နေ့တွင် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးတိုင် အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။

အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့

ထိုသို့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်း သားပြည်သူများ၏ နေရပ်ဇာတိ အိုးအိမ်နေရာများ၌ စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်လိုသည့် ဆန္ဒ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အသက်အန္တရာယ်ရန်ပြုမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ ထိတ်လန့် ကြောက်ရွံ့နေရမှုဘေးမှကင်းဝေးပြီး ၎င်းတို့၏ လူမှုစီးပွားဘဝအတွက် အေးချမ်းစွာ ရှာဖွေလုပ်ကိုင်စားသောက်လိုသည့် စိတ်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သည်။

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့နှင့်အဆိုပါဒေသ တစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/တိုက်ပွဲငယ် ထိတွေ့မှု စုစုပေါင်း ၁၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသည်။

CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် ဖလမ်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင် ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ် များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအားဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံတိုင်းရင်းသားများအနေဖြင့်လည်း အကြမ်းဖက်သမားများအား စက်ဆုပ်ရွံရှာမုန်းတီးခြင်းနှင့်အတူ ဆင်းရဲမှုဘေးဒုက္ခ ကြီးစွာဖြင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖလမ်းမြို့အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရ အုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများအား ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့ သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ ဆေးခန်းများ၊ ရုံး/ဌာနအဆောက် အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များ အား ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံး ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ် လျက်ရှိသည်။ ထို့ကြောင့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအနေဖြင့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်ရန် အခွင့်အရေးတစ်ခုအနေဖြင့် စဉ်းစားချိန်တန်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်းစဉ်