ထားဝယ်      ဧပြီ     ၂၇

တနင်္သာရီတိုင်းဒေသကြီး   ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ    အမျိုးသား/အမျိုးသမီး   ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲအဖြစ် အမျိုးသား/အမျိုးသမီး ထားဝယ်မြို့နယ်အသင်းနှင့် မြိတ်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက်  ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး အမျိုးသား အားကစားသမားဆု၊ အမျိုးသမီးအားကစားသမားဆု၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင်  ဒုတိယဆုရရှိသည့် မြိတ်မြို့နယ်အသင်းနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင်  ဒုတိယဆုရရှိသည့်  မြိတ်မြို့နယ်အသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းကိုလည်းကောင်း၊ တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန် ကျောင်းသား  ကျောင်းသူများနှင့် ကြီးကြပ် ဆရာ ဆရာမများက  ဝန်ကြီးချုပ်ထံမှ  ဩဝါဒခံယူပွဲကို ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထားဝယ် တက္ကသိုလ်မှ နှစ်ဦး၊ ထားဝယ် Polytechnic မှတစ်ဦး၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ  နှစ်ဦး၊  မြိတ်တက္ကသိုလ်မှ နှစ်ဦး၊ မြိတ် Polytechnic မှ နှစ်ဦး၊ အခြေခံပညာအတန်းအသီးသီးမှ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၁ ဦးနှင့် ကြီးကြပ်သူဆရာ ဆရာမ ခုနစ်ဦး စုစုပေါင်း  ၃၇ ဦးတို့သည် ပြင်ဦးလွင်၊  အင်းလေး၊  ငွေဆောင်၊  နေပြည်တော်လူရည်ချွန် စုရပ်စခန်းအသီးသီးသို့ မေ ၁ ရက်မှ ၁၀ ရက်အထိ လေ့လာရေးခရီးသွားကြရမည်ဖြစ်ကြောင်း၊ လူရည်ချွန်စခန်းအသီးသီးသို့  သွားရောက်လေ့လာကာ တိုင်းရင်းသားလူငယ်များအချင်းချင်း  တစ်ဦးကို တစ်ဦး   ချစ်ခင် လေးစားရန်၊ အတူယှဉ်တွဲစုပေါင်းနေထိုင်ရန်၊ ဒေသန္တရဗဟုသုတများရရှိလာရန်အတွက် လိုက်နာဆောင်ရွက်ပြီး ကျောင်းသား  ကျောင်းသူအားလုံး၏ စံနမူနာပြလူရည်ချွန်များအဖြစ် ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြီးကြပ် ဆရာ ဆရာမ တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၁ သိန်း၊ လူရည်ချွန် ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၉၀ ကို ပေးအပ်ချီးမြှင့်ရာ လူရည်ချွန် ကျောင်းသား ကျောင်းသူများကိုယ်စား သုံးထပ်ကွမ်း လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား ‌ကျောင်းသူများအား  ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။                        

တိုင်းဒေသကြီး(ပြန်/ဆက်)