ရန်ကုန်     ဧပြီ      ၂၇

မြန်မာနိုင်ငံ  ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က  စီစဉ်ကျင်းပသည့်  Myanmar Plaza Sepaktakraw Challenge  Cup  2026 ပြိုင်ပွဲ  (မြန်မာပလာဇာ ပိုက်ကျော်ခြင်းဖလားပြိုင်ပွဲ) ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ဧပြီ ၂၆ ရက် ညပိုင်းတွင် ကျင်းပသည်။

ဗိုလ်လုပွဲတွင် လိပ်သုံးကောင်အသင်းက ရွှေကျွန်းသားအသင်းကို  နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။ လက်ရွေးစင်ကစားသမားအများစုပါဝင်သည့်  လိပ်သုံးကောင်အသင်းသည်  ပထမပွဲငယ်တွင် ၁၅-၅ မှတ်၊   ဒုတိယပွဲငယ်တွင် ၁၅-၁၁ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။  ပြိုင်ပွဲအပြီးတွင် ချန်ပီယံဖြစ်ခဲ့သည့် လိပ်သုံးကောင်အသင်းက  ချန်ပီယံဆုဖလားနှင့် ဆုကြေးငွေကျပ်သိန်း ၅၀၊ ဒုတိယ ဆုရရှိသည့် ရွှေကျွန်းသားအသင်းက  ဆုကြေးငွေကျပ်သိန်း  ၃၀၊   ပူးတွဲတတိယဆုရရှိသည့်  YRG အသင်းနှင့်  USL  အသင်းက ဆုကြေးငွေကျပ်  ၁၅  သိန်းစီ ဆွတ်ခူးရရှိသည်။

ပြိုင်ပွဲကို ဧပြီ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး လေးယောက်တွဲပြိုင်ပွဲ တစ်မျိုးတည်းသာ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လေးသင်း နှစ်အုပ်စု ခွဲပြုလုပ်ခဲ့ကာ အမှတ်အများဆုံး နှစ်သင်း ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သည့် လိပ်သုံးကောင်အသင်းနှင့်  ရွှေကျွန်းသားအသင်းသည် အုပ်စု(B)တွင်  တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး   ပြန်လည်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MSTAF