နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။

အဆိုပါ သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး အောင်မြင်ပြီးမြောက်ခဲ့ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးသို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ နှင့် နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတို့ အမှူးပြုသည့် သက်တော်ရှည် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပိဋကတ် တော်ဆောင် ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာ ဆရာတော်ကြီးများ အမှူးပြုသော ပြည်ပသံဃာတော်များ၊ ပိဋကတ် အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိ ဝန်ဆောင် ဆရာတော်သံဃာတော် အရှင်သူမြတ်များ စုံစုံညီညီ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး နှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားအစီအစဉ် ပထမပိုင်းကို စတင်ကျင်းပပြုလုပ်ရာ ပိဋကသုံးပုံကို မင်္ဂလာဆင်ဖြူ တော် ရတနာဖြင့် ပင့်ဆောင်၍ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြည်ညိုကြသည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲ

ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် ဖွင့်ပွဲအခမ်းအနားကို “နမော တဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် သမ္မတက မဟာမင်္ဂလာ မော်ကွန်းကျောက်စာတော်ကို မင်္ဂလာ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မော်ကွန်းကျောက်စာတော်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မင်္ဂလာ ဆင်ဖြူတော်ရတနာဖြင့် ပင့်ဆောင် လာသည့် ပိဋကသုံးပုံကို လိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင်ချိန်၌ အတူတကွလိုက်ပါ၍ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး ဆရာတော် သံဃာတော်ကြီးများ ကြွရောက်လာမှုအား ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်း အမှတ် ဆီမီးထွန်းညှိပူဇော်သည်။

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနား

ယင်းနောက် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်း အမှတ် မဟာမင်္ဂလာအခမ်းအနား ကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး လိုဏ်ဂူတော် ပတ်လည်ရှိ ခေါင်းလောင်း ၁၀၈ လုံးတို့ကို တစ်ပြိုင်တည်း ကိုးချက်ထိုး၍ ပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်ကြီးများ၊ နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဆဋ္ဌသင်္ဂါယနာတင် သမိုင်းဝင် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက သာရဏီယ ကထာကို မြွက်ကြားတော်မူပြီး သီတဂူဆရာတော်ကြီးက သမ္မောဒနီယ ကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသနှင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ပညာဝံသာ ဘိဝံသတို့က ဝိနယ ပိဋကတ်တော်ကို သင်္ဂါယနာ အမေးအဖြေပြုလုပ်ပြီး သံဃာတော်အရှင်သူမြတ်တို့က စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သာသနာရေးဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထား တင်ပြရာတွင် သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး အောင်မြင် ပြီးမြောက်ခဲ့ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနားကြီးသို့ ကြွရောက် တော်မူလာကြသော သက်တော်ရှည် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင် ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာ ဆရာတော်ကြီးများ၊ ပိဋကတ် အကျော်အမော် ဆရာတော်ကြီး များ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိ ဝန်ဆောင် ဆရာတော် သံဃာတော် အရှင်သူမြတ်အပေါင်းတို့ကို စုံစုံညီညီ ကျန်းမာချမ်းသာဖူးမြော်ကြည်ညိုခွင့်ရပါသဖြင့် သဒ္ဓါယိုဖိတ် ကုသိုလ်စိတ်များ အတိုင်းမသိ ပွားများရပါကြောင်း၊ ထို့ပြင် တပည့်တော်တို့ နိုင်ငံတော် အစိုးရသစ် တာဝန်ယူချိန်တွင် ဤသို့သော အခမ်းအနားကြီးနှင့် ကြုံကြိုက်ရပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခွင့်ရရှိခြင်းနှင့် သံဃာ့ဝေယျာဝစ္စများ ဆောင်ရွက်ခွင့် ရရှိခြင်းတို့အတွက်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက် မိသည်ကို ဦးစွာ လျှောက်ထားအပ်ပါကြောင်း။

သင်္ဂါယနာတင်ခြင်း အဓိပ္ပာယ်မှာ ဗုဒ္ဓအဆုံးအမ တရားတော်များကို “အညီအညွတ် စုပေါင်းရွတ်ဆို မှတ်တမ်းတင်ခြင်း”ဟု တပည့်တော်များ မှတ်သားထားမိပါကြောင်း၊ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်ရှိ ပွင့်ထွန်းတော်မူသည်မှ မဟာ ပရိနိဗ္ဗာန် စံဝင်သည် အထိ ၄၅ ဝါ ကာလပတ်လုံး မြွက်ဟထုတ်ဖော် ဟောကြားတော်မူခဲ့သည့် တရားတော်များသည် သတ္တဝါတစ်ဦး တစ်ယောက်မှအစ သတ္တဝါအများတို့ နေထိုင်ရာလောကကြီး၌ ဓမ္မတရားထွန်းပရေး၊ အဓမ္မတရားများ ပယ်ရှားနိုင်ရေးအတွက် ဖြစ်ကြောင်း မှတ်သားမိပါကြောင်း။

ဗုဒ္ဓရှင်တော်မြတ် မြွက်ဟထုတ်ဖော် ဟောကြားခဲ့သော တရားတော်များသည် မြတ်စွာ ဘုရားရှင်ပရိနိဗ္ဗာန်စံရာကာလတွင်းပင် သာသနာတော်အတွင်းနေ ပုဂ္ဂိုလ်အချို့တို့၏ ထိပါးပုတ်ခတ် ခြင်းခံခဲ့ရပါကြောင်း၊ ထိုအခြေအနေကို သိမြင်တော်မူသော တပည့်ကြီးဖြစ်သည့် အရှင်မဟာ ကဿပမထေရ်မြတ်ကြီးက ဓမ္မ သံဝေဂရတော်မူပြီး “ငါ့ရှင်တို့ မတရား အဓမ္မဝါဒ မထွန်းပမီ၊ တရားဓမ္မ တားမြစ်ပိတ်ပင်ခြင်း မခံရမီ၊ အဓမ္မဝါဒီပုဂ္ဂိုလ် အင်အား မကောင်းမီ၊ ဓမ္မဝါဒီပုဂ္ဂိုလ် အင်အား မနည်းမီ ဓမ္မဝိနယကို သင်္ဂါယနာ တင်ကြကုန်စို့” ဟု တိုက်တွန်းနှိုးဆော်တော်မူခဲ့ပြီး ပထမသင်္ဂါယ နာတင်ရန် မိန့်မြွက်တော်မူခဲ့သည်ကို လေ့လာမှတ်သားဖူးပါကြောင်း။

မြတ်စွာဘုရားရှင်သည် သမ္မာ သမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ကျွတ်ထိုက်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို ၄၅ ဝါ ကာလပတ်လုံး ဟောဖော်ညွှန်ပြ ချေချွတ်တော်မူခဲ့ပါကြောင်း၊ ဘုရားရှင်သက်တော် ၈၀ အရွယ်တွင် မဟာပရိနိဗ္ဗာန် ပြုတော်မူပြီး သုံးလလေးရက်မြောက် ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဝေဘာရတောင်နံပါး လိုဏ်ဂူ တော်ကြီးအနီးတွင် အရှင်မဟာက ဿပမထေရ်အမှူးရှိသော ရဟန္တာ အရှင်မြတ်ငါးရာတို့ ပထမသင်္ဂါ ယနာ တင်တော်မူခဲ့သည်ကို မှတ်သားရပါကြောင်း။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ် ၁၀၀ အကြာတွင် အိန္ဒိယနိုင်ငံ ဝေသာလီမြို့ ဝါလိကာရုံ ကျောင်းတိုက်ကြီး၌ အရှင်မဟာယသမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ၇၀၀ တို့ဖြင့် ဒုတိယသင်္ဂါယနာကို တင်တော်မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး ၂၃၅ နှစ်မြောက်တွင် အိန္ဒိယနိုင်ငံ ပါဋလိပုတ်မြို့၌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် အမှူး ရှိသော ရဟန္တာအရှင်မြတ် ၁၀၀၀ တို့ဖြင့် တတိယသင်္ဂါယနာကို တင်တော်မူခဲ့ကြောင်းနှင့် မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်း ၄၅၀ အကြာတွင် သီရိလင်္ကာနိုင်ငံ မထုလ-မလယဇနပုဒ် အာလောက လိုဏ်ဂူတော်ကြီး၌ အရှင်မဟာ ဓမ္မရက္ခိတမထေရ်အမှူးရှိသော ရဟန္တာအရှင်မြတ် ၅၀၀ တို့က စတုတ္ထသင်္ဂါယနာကို ပေထက် အက္ခရာ တင်ခဲ့ကြသည်ကို လေ့လာမှတ်သားရပါကြောင်း။

သာသနာတော်နှစ် ၂၄၁၅၊ ကောဇာသက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် မိမိတို့မြန်မာနိုင်ငံ မန္တလေးမြို့ ရွှေနန်းတော်ပြာသာဒ်ဦး မြေနန်းတော်ရှိ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇာဂရာဘိဝံသ မဟာထေရ်မြတ် အမှူးပြုသော သမ္မုတိ သံဃာတော် ၂၄၀၀ တို့က မင်းတုန်းမင်းတရားကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ကို ခံယူ ကာ ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ကြပြီး ကျောက်ထက်အက္ခရာ တင်ခဲ့ကြပါကြောင်း၊ နှစ်ပေါင်း ၂၀၀၀ ခန့်လွန်ပြီးမှ ဆောင်ရွက် နိုင်ခဲ့သော သင်္ဂါယနာဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း။

သာသနာတော်နှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)မှစ၍ သာသနာတော်နှစ် ၂၅၀၀၊ ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိ မန္တလေးမြို့ မိုးကောင်းတိုက်ညောင်ရမ်းဆရာတော်ကြီး အမှူးပြုသော သံဃာတော် ၂၅၀၀ တို့က ဆဋ္ဌသင်္ဂါယနာတင်တော်မူခဲ့သည်မှာ ယခုအခါ နှစ်(၇၀) ပြည့်မြောက်ပြီ ဖြစ်ပါကြောင်း။                  

ဆဋ္ဌသင်္ဂါယနာတင်တော်မူရာ ဤမြေမြတ်မဟာ ကမ္ဘာအေးကုန်းမြေကြီးသည် ယခင်က အင်းစိန်ခရိုင် သမိုင်းမြို့နယ် ရေကူး ရွာမရပ်ကွက်အတွင်းရှိ ရော်ဘာခြံကြီးဖြစ်ပြီး စုစုပေါင်း မြေဧရိယာ ၁၆၈ ဒသမ ၁၅၇ ဧက ရှိပါကြောင်း၊ ထိုမြေပေါ်၌ ၁၉၅၀ ပြည့်နှစ်တွင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ၁၉၅၃ ခုနှစ်တွင် ယခုအခမ်းအနား ကျင်းပရာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် ကျောင်းဆောင် ကြီး လေးဆောင်၊ သုံးထပ်ဆွမ်းစား ဆောင်၊ မဟာသိမ်တော်ကြီး၊ ပိဋက ပုံနှိပ်တိုက်၊ ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံတို့ကို တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပိဋကတ်တိုက်ကို တည်ဆောက်ခဲ့သည်ဟု သိရှိ ရပါကြောင်း။

ထိုသို့ ကြိုတင်ဆောင်ရွက်ဖွယ် လုပ်ငန်းများဆောင်ရွက်ပြီးနောက် ဆဋ္ဌသင်္ဂါယနာ မဟာ ဓမ္မသဘင်ဖွင့်ပွဲ အခမ်းအနားကို ၁၉၅၄ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး ညောင်ရမ်းဆရာတော်ကြီးက ဝန်ဆောင်အဖွဲ့ သံဃမဟာနာယက ဥက္ကဋ္ဌ ဗားကရာတောရဆရာတော်က အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆဋ္ဌသင်္ဂါယနာ ဒါယကာအဖြစ် နိုင်ငံတော် သမ္မတ ဒေါက်တာ ဦးဘဦး၊ ဆဋ္ဌသင်္ဂါယနာ ပစ္စယာနုဂ္ဂဟအဖြစ် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌ သူဌေးကြီး ဆာဦးသွင်တို့က ခံယူခဲ့ကြပါကြောင်း။

နိုင်ငံတော်သမ္မတ ဒေါက်တာ ဦးဘဦး၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်း၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေးဝန်ကြီးဌာနဝန်ကြီး ဦးဝင်း၊ နိုင်ငံတော်ဗုဒ္ဓသာသနာ အဖွဲ့ဥက္ကဋ္ဌ ဆာဦးသွင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးသိမ်းမောင်တို့က အခမ်းအနား တက်ရောက်ပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ထောမနာစာတမ်းများ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း။

ထို့ပြင် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ နီပေါ၊ ဂျပန်နှင့် ဗြိတိန်စသော နိုင်ငံများမှ ဘုရင်မင်းမြတ်များ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တစ်ဦးချင်း ကိုယ်စားလှယ်များ၊ ဗုဒ္ဓဘာသာ ဆိုင်ရာ ကိုယ်စားလှယ်များ၊ သံဃာ့ ဂိုဏ်းအသီးသီးမှ ဂဏာဓိပတိ၊ ဂဏာစရိယ၊ ဂဏပါမောက္ခ၊ ဂဏ နာယကပုဂ္ဂိုလ်များက သဝဏ် လွှာပေးပို့ခြင်း၊ အခမ်းအနား တက်ရောက်ခြင်း၊ သင်္ဂါယနာတင် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက် ခဲ့ခြင်းများကို သိရှိရသဖြင့်လည်း လွန်စွာဝမ်းမြောက်မိပါကြောင်း။

ပိဋကသုံးပုံ ပါဠိတော်ကို သင်္ဂါ ယနာတင်ရာတွင် ၁၉၅၄ ခုနှစ်၌ ပါဠိတော် ပထမသန္နိပါတ (စုပေါင်း၊ စုဝေး၊ စိစစ်၊ အတည်ပြုခြင်း)မှ ၁၉၅၆ ခုနှစ် ပဉ္စမသန္နိပါတ (စုပေါင်း၊ စုဝေး၊ စိစစ်၊ အတည် ပြုခြင်း)အထိ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပါကြောင်း။

ပါဠိတော်များကို သန္နိပါတ ၅ တန်ဖြင့် သင်္ဂါယနာတင်တော်မူ ပြီးနောက် အဋ္ဌကထာများကို ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ သန္နိပါတ ၄ တန်ဖြင့်လည်းကောင်း၊ ဋီကာများကို ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ သန္နိပါတ ၂ တန် ဖြင့်လည်းကောင်း သင်္ဂါယနာ ဆက်လက်တင်တော်မူခဲ့သည်ဟု သိရှိရပါကြောင်း။

ထိုသို့ ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သော မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၊ ဥတ္တရကုရု စသော ကျောင်းဆောင်ကြီး လေးဆောင်၊ မဟာသိမ်တော်ကြီး၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်၊ ပိဋကတ်ပုံနှိပ်တိုက်၊ ပိဋကတ်ပြတိုက်၊ မဟာနာယက ကျောင်း တော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မ သဘင်တို့ကို ယခုဆဋ္ဌသင်္ဂါယနာ တင်အောင်ပွဲ နှစ်(၇၀)ပြည့် မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပခြင်းမပြုမီ ကြိုတင်၍ ရှေးမူမပျက် ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်မူများကို နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ ရွှေသုဝဏ်ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယ ဦးဆောင်သောအဖွဲ့က စီမံထားသော ပိဋက သုံးပုံ ပါဠိတော် ကွန်ပျူတာမူ၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏  ပထမဆုံးပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာ ဘိဝံသ ဦးဆောင်သောအဖွဲ့က စီမံထားသော ပိဋကသုံးပုံပါဠိတော်၊ ရိုမန် အက္ခရာမူတို့ဖြင့် နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ပရိ ဝုဏ်အတွင်း၌ ကျောက်စာရေးထိုးထွင်းထု ပူဇော်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ ထွင်းထုပူဇော်ရာတွင် ဝိနယ ပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မ ပိဋကတို့ကို မြန်မာ၊ ပါဠိ၊ ရိုမန် အက္ခရာတို့ဖြင့် ကျောက်စာရုံ စေတီ ၇၂၀ တည်ထားခဲ့ပြီး စေတီတော်တစ်ဆူလျှင် မြန်မာ အက္ခရာပါဠိတစ်ဖက်၊ ရိုမန်အက္ခရာပါဠိ တစ်ဖက်ဖြင့် ကျောက်စာချပ်ရေ ၁၄၄၀ ကို ရေးထွင်းထားခြင်းဖြစ်ပါကြောင်း။

ထိုကျောက်စာရုံ စေတီတော်များ ရွှေထီးတော်တင်လှူခြင်း မဟာမင်္ဂလာ အခမ်းအနားကို မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ နှင့် အတူ ၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် မဟာမင်္ဂလာ အခမ်းအနားကြီးအဖြစ် ခမ်းနား ထည်ဝါစွာ ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့ပြင် ကျောက်စာတော်မူများကို နိုင်ငံတကာအဆင့်မီ စာအုပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ Mobile Tablet များတွင် ထည့်သွင်း၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံ၏ ပဉ္စမနှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူ ခြင်းများ၏ အောင်မြင်မှုကို သမိုင်း မော်ကွန်း ထပ်ဆင့်ရေးထိုးနိုင်ခြင်းဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော်မြတ်ကြီးကို ချီးမြှောက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်ကို လျှောက်ထားအပ်ပါကြောင်း။

ထို့ပြင် သင်္ဂါယနာလုပ်ငန်း၏ ပဓာနဖြစ်သော ပိဋကကျမ်းစာများကို ခဲစာလုံးမူမှ ကွန်ပျူတာမူ အဖြစ်သို့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအားလုံးတို့ကို အစုံလိုက် အတွဲလိုက် ပြန်လည်ရိုက်နှိပ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အဋ္ဌကထာ ၅၁ အုပ်ကို အစုံလိုက် ရိုက်နှိပ်ပြီး ဖြစ်၍ ပရိယတ္တိဝန်ဆောင် ဆရာတော် အရှင်မြတ်များနှင့် ပရိယတ္တိ စာသင်တိုက်ကြီးများသို့ လှူဒါန်းလျက်ရှိသည်ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန် လျှောက်ထားအပ်ပါကြောင်း။

ဘုရားတပည့်တော်တို့ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်တော်မူကြပါကုန်သော ပရိယတ္တိ ဝန်ဆောင်၊ ပဋိပတ္တိ ဝန်ဆောင် ဆရာတော်အရှင်သူမြတ်တို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့် ချီးမြှင့်ထောက်ပံ့ခြင်း ဓမ္မာနုဂ္ဂဟ ဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က ဆရာ တော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်း လေးပါး လှူဒါန်းထောက်ပံ့ခြင်း ပစ္စယာနုဂ္ဂဟဖြင့် လည်းကောင်း၊ ဆရာဒကာ လက်တွဲညီစွာ ဆောင်ရွက်သွားပါက ထေရဝါဒ ဗုဒ္ဓ သာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့ သန့်ရှင်းတည်တံ့ ပြန့်ပွားကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့တိုင်အောင် ထွန်းကားပြန့်ပွားမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါကြောင်း။ဆရာတော် အရှင်သူမြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ဝန်၊ ခန္ဓာ့ဝန်ကို လွယ်ကူချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေ ကြောင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသနာ တော်မြတ်ကြီး နေလို၊ လလို ထွန်းလင်း တောက်ပနိုင်ရေးအတွက် ပြုသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစု အဖြာဖြာသည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ရောက်ကြောင်း အထောက်အပံ့ ကောင်းဖြစ်ပါစေရန် ဆုမွန်ကောင်းတောင်း တော်မူပါကြောင်း လျှောက်ထားတင်ပြသည်။

ယင်းနောက် သံဃာအပါး ၁၀၀၀ နှင့်အထက် ပရိယတ္တိစာသင် တိုက်ကြီးဖြစ်သည့် မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် မစိုးရိမ် တိုက်သစ်၏ သဝဏ်လွှာ၊ အမရ ပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ သဝဏ်လွှာ၊ သီရိလင်္ကာနိုင်ငံ၊ သျှာမနိကာယ ကောတေချပ် ပတာ အနုနာယက ဘဒ္ဒန္တကောဋ ပိတိယေ ရာဟုလာထေရ်တို့၏ သဝဏ်လွှာများကို ဆရာတော်ကြီးများက ဖတ်ကြားတော်မူကြသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့်ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီးတို့က သီတဂူ ဆရာတော်ကြီးထံသို့ လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီးတို့က မစိုးရိမ် တိုက်သစ်ဆရာတော်ကြီး ထံသို့လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်ကုန်း မြို့ဦးကျောင်းတိုက် ဆရာတော်ကြီးထံသို့ လည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများက ဆရာတော် သံဃာတော်အရှင် သူမြတ်များထံသို့ လည်းကောင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မ ကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာ ဘိဝံသ ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် အထူးပြပွဲ၊ ဓာတ်ပုံပြခန်းများ ဖွင့်ပွဲ မင်္ဂလာအခမ်းအနား

ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်း အမှတ် အထူးပြပွဲ၊ ဓာတ်ပုံပြခန်း များ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပြုလုပ်ရာ မင်္ဂလာအချိန်တွင် နိုင်ငံတော် သမ္မတက ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ်(၇၀) ပြည့်အထိမ်း အမှတ်ပြခန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ထံသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌသင်္ဂါ ယနာတင် အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ဂါရဝပြုပေးအပ် သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန် ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်