ဝါရှင်တန် မေ ၃
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏ကွန်ရက်များတွင် ဉာဏ်ရည်တုစွမ်းရည်များကို အသုံးပြုရန် နောက်ဆုံးပေါ်နည်းပညာကုမ္ပဏီ ရှစ်ခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က မေ ၁ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အဆိုပါနည်းပညာကုမ္ပဏီရှစ်ခုမှာ SpaceX၊ OpenAI၊ Google၊ Nvidia၊ Reflection၊ Microsoft၊ Amazon Web Services နှင့် Oracle တို့ဖြစ်သည်။
ကုမ္ပဏီများ၏ အဆင့်မြင့်ဉာဏ်ရည်တု နည်းပညာစွမ်းရည်များကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ရက်များပေါ်တွင် တရားဝင် ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်များက အမေရိကန်တပ်မတော်ကို “ဉာဏ်ရည်တုနည်းပညာ တိုက်ပွဲဝင်တပ်ဖွဲ့”အဖြစ် ထူထောင်ခြင်းဆီသို့ အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ပေးခြင်းဖြစ်သည်။
ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်းသည် ဒေတာပေါင်းစပ်မှုကို ချောမွေ့စေခြင်း၊ အခြေအနေဆိုင်ရာနားလည်မှုကို မြှင့်တင်ပေးခြင်းနှင့် တိုက်လေယာဉ်များ၏ ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ကို အဆင့်မြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာဝန်ထမ်း ၁ ဒသမ ၃ သန်းကျော်သည် ၎င်း၏တရားဝင် ဉာဏ်ရည်တုပလက်ဖောင်းကို လွန်ခဲ့သည့်ငါးလအတွင်း အသုံးပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု ကြာမြင့်ချိန်ကို နည်းပါးစေခဲ့ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


