ကော့သောင်း ၂၄ မတ်
မြို့ကျက်သရေဆောင် ဘုရင့်နောင်ရုပ်တုကုန်းမြေ ဝန်းကျင်သည် ပါချန်မြစ်ဝမှတစ်ဆင့် တစ်ဖက်ထိုင်းငံသို့ လှမ်းမြင်ရသော သာယာလှပသည့် အပေါ်စီးရှုခင်းများကြောင့် မြို့သို့လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အမှတ်တရဓာတ်ပုံရိုက် မှတ်တမ်းတင်ကြသည့် နေရာတစ်ခုဖြစ်ပြီး မြို့ခံပြည်သူများ အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် စည်ကားလျက်ရှိသည်ကို မတ် ၂၄ ရက် နံနက်ပိုင်းက တွေ့မြင်ရသည်။


အဆိုပါ ဗျူးပွိုင့်နေရာအား မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် အပန်းဖြေ ရင်ပြင်တည်ဆောက်ခြင်း၊ ကြွေပြားခင်းအလှဆင်ခြင်း၊ လမ်းမီးတိုင်များဖြင့် အလှဆင်ခြင်း၊ KAW THAUNG အထိမ်းအမှတ် ရွှေရောင် သံမဏိပြား စာလုံးကြီးများတပ်ဆင်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း လုပ်ငန်းများအား ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းခရရှိငွေ မှ (၁၀%) နှင့် မိမိတို့၏ မြို့ပိုမိုသာယာလှပရေး မြို့ခံစေတနာရှင် အလှူရှင်ထည့်ဝင်လှူဒါန်းငွေများဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ မြို့နေပြည်သူများ စိတ်လက်အေးချမ်းစွာ အပန်းဖြေနိုင်ကြရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ မြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ၊ အနားယူအပန်းဖြေသူ မြို့နေပြည်သူများဖြင့် အစဉ်စည်ကားလျက်ရှိပြီး နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်များတွင် အစုအဖွဲ့လိုက် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)
