အာဆင်နယ်အသင်းဟာ မေ ၂ ရက်ညပိုင်းက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ ခြောက်မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ဂျိုကာရက်စ်က နှစ်ဂိုး၊ ဆာကာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
သွင်းဂိုး ၂၀ အထိ သွင်းယူ
အခုပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဂျိုကာရက်ဟာ ယခု ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းအတွက်လည်း ဖိအားတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအနေအထားအရ ပရီမီယာလိဂ်အဝေးကွင်း သုံးပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပရီမီယာလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့ပြင် အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ပါက အာဆင်နယ်အသင်းဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် မေ ၅ ရက်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မေ ၁၀ ရက်မှာတော့ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ပရီမီယာလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းကတော့ မေ ၉ ရက်မှာ ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်


