အဒစ္စအဘာဘာ  မေ  ၄

အီသီယိုးပီးယားနိုင်ငံသည် ဆယ်စုနှစ်တစ်စု မပြည့်မီအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို နှစ်ဆကျော်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အီသီယိုးပီးယားလျှပ်စစ်ဓာတ်အား လုပ်ငန်း(အီးအီးပီ) ၏ ထုတ်ပြန်ချက်အရ  သိရသည်။ 

အီသီယိုးပီးယားနိုင်ငံသည် လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို ၄၄၆၂  မီဂါဝပ်မှ ၉၇၅၂ မီဂါဝပ်အထိ  သိသိသာသာတိုးချဲ့နိုင်ခဲ့ပြီး  အာဖရိက၏  ထိပ်တန်းရောက်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဗဟိုချက်ဖြစ်လာခဲ့ကြောင်း နိုင်ငံပိုင်အီသီယိုးပီးယားသတင်းဌာနက အီးအီးပီ၏ ထုတ်ပြန်ချက်ကို မေ ၂ ရက်တွင် ကိုးကားဖော်ပြထားသည်။ 

အခြေခံအဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မကြာသေးမီနှစ်များအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အားရရှိမှုမှာလည်း   ၄၄  ရာခိုင်နှုန်းမှ   ၅၄  ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း အီးအီးပီ၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူး မိုဂတ်စ်မက် ခွန်နန်က ပြောသည်။

အီးအီးပီက ထုတ်ပြန်သော အချက်အလက်များအရ  လက်ရှိတွင်  ရေအားလျှပ်စစ်က  နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အဓိကအများဆုံးဖြစ်ပြီး လေအားလျှပ်စစ်မှ ငါးရာခိုင်နှုန်းနီးပါးနှင့် ဘူမိအပူစွမ်းအင်မှ ၁ ရာခိုင်နှုန်းအောက် အသုံးပြုထုတ်လုပ်လျက်ရှိကြောင်း သိရသည်။  

ဆင်ဟွာ