မိုးကောင်း  ၂၄  မတ် 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်း-ဖားကန့်သွား ကားလမ်းရှိ ရှစ်မိုင်ကျေးရွာမှ ဖားကန့်ဘက်အထွက် ကားလမ်းဘေးတွင် ယနေ့ မွန်းလွဲပိုင်းက လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက မိုးကောင်းမြို့နယ်၊ ရှစ်မိုင်ကျေးရွာနေ ဦးညီညီ(၄၀)နှစ်မှ ဆိတ်ကျောင်းသွားရာ ရှစ်မိုင်ကျေးရွာမှ ဖားကန့်ဘက်အထွက် နှစ်ဖာလုံခန့်အကွာ မိုးကောင်း-ဖားကန့်သွား ကားလမ်း၏ဝဲဘက်ဘေးတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့၍ ရှစ်မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့ကြောင်း သိရသည်။

 

 မိုင်းတွေ့ရှိသည့်နေရာသို့ မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးလှချို၊မြို့မရဲစခန်းမှ ရဲအုပ်ခင်မောင်ထွေးနှင့် တပ်ဖွဲဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နယ်မြေခံတပ်မှ တပ်မတော်သားများက ရှင်းလင်းရေးဆောင်ရွက်ကာ အန္တရာယ်ကင်းရှင်းသည့်နေရာ၌ မြေမြှုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်လုပ်မိုင်းမှာ အလျှားရှစ်လက်မ၊အချင်းလေးလက်မရှိ ကားစလစ်အိုးအတွင်း အီးမားရှင်းယမ်းပျော့ထည့်၍ အီလက်ထရောနစ်စနက်တံနှစ်ခု၊ကော့စတစ်ကြိုးတစ်ချောင်းနှင့် အဝေးထိန်းရဆီဗာအတွင်း ဓာတ်ခဲရှစ်လုံးထည့်ကာ တပ်ဆင်ထားသည့် အဝေးထိန်းရီမုတ်မိုင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

0