နေပြည်တော် မေ ၅
နေပြည်တော် ကောင်စီဝင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျက်စီးမှုကြီး (အနီရောင်အဆင့်) နိုင်ငံပိုင် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယမြို့တော်ဝန် က မန္တလေးငလျင်ဒဏ်ကြောင့် ယာယီစခန်းများတွင် နေထိုင်နေသော နိုင်ငံ့ဝန်ထမ်းများကို မိုးမကျမီ ပြောင်းရွှေ့နေထိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ရှစ်မဂ္ဂနီကျုအထိ ငလျင်ဒဏ်ခံနိုင်စေရေး သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျ ပြုပြင်ဆောင်ရွက်ရန် လိုကြောင်းနှင့် QA/QC အဖွဲ့များ ကလည်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးမှုများကို စနစ်တကျ ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်ကြရန်နှင့် အခြား လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်အတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးစေရေး အထူး အလေးထား၍ ဆောင်ရွက်ကြရန် လိုကြောင်းနှင့် ဝန်ထမ်းအိမ်ရာများသည် ဝန်ထမ်းများ၏ စားဝတ်နေရေးတွင် နေရေးနှင့် တိုက်ရိုက် ဆက်နွှယ်နေသောကြောင့် တိကျမှန်ကန်မှု၊ အချိန်မီဆောင်ရွက်မှုနှင့် အရည်အသွေး ပြည့်မီမှုတို့သည် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ချက်များဖြစ်၍ အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက် ( အကွက်ကြီး - ၂ )ရှိ တိုက်အမှတ် (၂၃၃၈)၊ (၂၃၄၆)နှင့် ဉာဏသိဒ္ဓိရပ်ကွက် (အကွက်ကြီး - ၃)ရှိ တိုက်အမှတ်(၃၃၆၂)တို့သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


