ဟားခါး မေ ၅
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ပြည်သူအားကိုးရသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာတည်တံ့အောင် ကြိုးစားတည်ဆောက် ကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲ၊ ပြည်နယ်အဆင့် မီးငြှိမ်းသတ်ရေးပြိုင်ပွဲ၊ ပြည်နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးပြိုင်ပွဲ၊ လက်နက်မဲ့ စစ်ရေးပြပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အရာထမ်းငယ်သင်တန်းတွင် စစ်ရေးပြ ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်တို့အား ဆုများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် က ပေးပို့သည့် နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ မှတ်တမ်းဗီဒီယို၊ ချင်းပြည်နယ်မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုနှင့် ချင်းပြည်နယ် မီးသတ်ဦးစီးဌာနက ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


