ပဲခူး မေ ၅
တိုင်းဒေသကြီး၏ အဓိကစီးပွားရေး မောင်းနှင်အားသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းအပေါ် အဓိကအခြေခံထားကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP လည်းတိုးတက်လာမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးရာတွင် အချိန်အကန့်အသတ်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့် လုပ်ငန်းများကို သေချာရွေးချယ် စိစစ်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့် စားသုံးကုန်များ နိုင်ငံ တကာအဆင့်မီ ထုပ်ပိုးမှုစနစ်များ ပြောင်းလဲနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်သည့် လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရေး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်သလို သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချ နိုင်ရေးကိုလည်း ပံ့ပိုးအားပေးမြှင့်တင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် ထုတ်ချေးပေးမည့် ချေးငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေတင်ပြတောင်းခံထားမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် MSMEs အေဂျင်စီ အဖွဲ့ဝင်များက တင်ပြသည့် လုပ်ငန်းတစ်ခုချင်းအလိုက် မေးမြန်းခြင်း၊ စိစစ်ခြင်းများ ဆောင်ရွက်ကာ အစိုးရအဖွဲ့အတွင်းရေးမှူးက ချေးငွေနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုသုံးသပ် တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြသည့် လုပ်ငန်းတစ်ခုချင်းအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေစိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


