နေပြည်တော် မေ ၅

 

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် ပေါင်းစပ်ညှိနှိုင်းရေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ပြည်ပမှ မွေးမြူရေးအစာ ကုန်ကြမ်းတင်သွင်းမှု လျှော့ချရေး နှင့် ပြည်တွင်းမှ ထွက်ရှိသော အစာကုန်ကြမ်းများကို အခြေခံ အသုံးပြုရေး၊ မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်၍ မွေးမြူရေးနည်းပညာ စနစ်တကျ အသုံးပြုနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အားပေးဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ရင်းနှီး မြှုပ်နှံသူလုပ်ငန်းရှင်များ အနေဖြင့် ဒေသအလိုက် မွေးမြူရေးတိရစ္ဆာန် အစာကုန်ကြမ်းများ ဖြစ်သည့် ပြောင်း၊ ဖွဲ၊ ပဲဖတ်၊ နှမ်းဖတ် ထုတ်လုပ်မှု တိုးမြှင့်ရေးကို ကန်ထရိုက်လယ်ယာ စနစ်ဖြင့် ဆောင်ရွက်ရန်၊ ဒေသအလိုက် အစာစပ် စက်ရုံတည်ဆောက်ရေး၊ သိုလှောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ မြှင့်တင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အရည်အသွေးကောင်းသော နို့နှင့်နို့ထွက် ပစ္စည်းများ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး စက်ပစ္စည်းများ တင်သွင်းခွင့်ရရှိရေး၊ နို့စားနွား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် လိုအပ်သော နိုင်ငံခြား နွားမျိုးများနှင့် မျိုးရည် ခဲချောင်းများ တင်သွင်းခွင့်ရရှိရေး တို့ကို တင်ပြကြရာ ဒုတိယဝန်ကြီး က သတ်မှတ်ထားသော မူဝါဒ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးမည့် အခြေ အနေများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်