ပုသိမ် မေ ၅
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က အမှာစကားပြောကြားပြီး လူမှုထူးချွန်(တတိယ)အဆင့်၊ လူမှုရေးဆိုင်ရာ ထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ စံပြမီးသတ်စခန်းဆု၊ တိုင်းဒေသ ကြီး(အရာရှိအဆင့်) ကျင့်ဝတ်ဆု၊ တိုင်းဒေသကြီး(တပ်သားအဆင့်)ကျင့်ဝတ်ဆု၊ ဌာနတွင်းသင်တန်း ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် ခင်းကျင်းပြသထားသည့် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်း ကိရိယာများကို ကြည့်ရှုအားပေး ကြသည်။
ချီးမြှင့်ငွေများ ပေးအပ်
ယမန်နေ့ညနေပိုင်းတွင် ကိုးသိန်း အားကစားကွင်း၌ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဉ်အရ ပူးပေါင်း ဖွင့်လှစ်သည့် Football For School ဘောလုံး အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပုသိမ်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်တို့ အတွက် အားကစားပစ္စည်းများ၊ သင်တန်းသား သင်တန်းသူများအတွက် အားဖြည့်အချိုရည်များ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအတွက် ချီးမြှင့်ငွေများ၊ U-18 ဘောလုံး၊ ကြက်တောင်နှင့် ပြေးခုန်ပစ်အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


