နေပြည်တော် မေ ၆

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ မဒန်းရေလှောင်တမံသည် ကန်ရေပြည့်ရေလှောင် ပမာဏမှာ ဧကပေ ၃၆၅၀၀ ဖြစ်ကာ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေ လျက်ရှိသည်။

 

မဒန်းဆည်ရေသောက် ဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး လျာထား ၂၁၁၅ ဧကနှင့် နွေသီးနှံ လျာထား ၁၆၁ ဧကဖြစ်ပြီး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေများကို ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့် နည်းပါးစွာဖြင့် ဌာနနှင့် တောင်သူများ ပူးပေါင်းကာ စနစ်တကျစီမံ၍ စိုက်ပျိုးရေ ပေးဝေလျက်ရှိရာ နွေစပါး လျာထားဧကထက် ကျော်လွန်၍ ၂၄၄၅ ဧကနှင့် နွေသီးနှံ ၄၀၂ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မဒန်းရေလှောင် တမံ၏ မေ ၄ ရက်နေ့ သိုလှောင်ရေ ပမာဏမှာ ၂၀၃၆၈ ဧကပေဖြစ်ပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ဆက်လက်ပေးဝေနိုင်မည်ဖြစ်သည်။

 

စနစ်တကျစီမံ

မဒန်းဆည်ရေသောက် စနစ်အတွင်း နှစ်စဉ်ရာသီပြည့်သီးနှံ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးနှင့် ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တူးမြောင်းအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တူးမြောင်းစနစ်များ၊ လယ်ကြားမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့် မြက်ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား ဌာနမှတာဝန်ရှိသူများနှင့် ရေအသုံးချသူတောင်သူများ ပူးပေါင်း၍ စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

tml