မဲလ်ဘုန်း မေ ၆
၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံ၌ အပူလှိုင်းကြောင့် သေဆုံးသူအရေအတွက်သည် တစ်နှစ်လျှင် ခန့်မှန်းခြေ ၂၅၀ ခန့်သာရှိသော်လည်း ရာသီဥတုပြောင်းလဲမှု ဆက်လက်ဖြစ်ပေါ်နေပါက ၂၁၀၀ ပြည့်နှစ်မတိုင်မီတွင် တစ်နှစ်လျှင် သေဆုံးသူ ၆၀၀၀ နီးပါးအထိ မြင့်တက် လာနိုင်ကြောင်း သုတေသနစစ်တမ်းတစ်ရပ်တွင် မေ ၆ ရက်က ဖော်ပြထားသည်။
သြစတြေးလျနိုင်ငံ၏ အပူဆုံးဒေသဖြစ်သည့် မြောက်ပိုင်းနယ်မြေကဲ့သို့သော ဒေသများတွင် အပူလှိုင်းနှင့် ဆက်စပ်သေဆုံးမှုသည် ၄၄၁၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပြီး အပူချိန်နိမ့်သော ဒေသများဖြစ်သည့် တောင်သြစတြေးလျ အနောက်ဘက်ကမ်းရိုးတန်းဒေသတွင် သေဆုံးသူ ၃၅၆ ဦး အထိ ရှိလာနိုင်ကြောင်း သြစတြေးလျမိုနာ့ရှ် တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၉၀ ပြည့်လွန်နှစ်များတွင် အပူလှိုင်းကြောင့် နှစ်စဉ်သေဆုံးမှုနှုန်းသည် မြောက်ပိုင်းနယ်မြေတွင် ၃၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပြီး ကွင်းစ်လန်းဒ်ပြည်နယ်တွင် ၁၈ ဒသမ ၄ ရာခိုင်နှုန်း၊ နယူးဆောက်သ်ဝေးလ်ပြည်နယ်တွင် ၁၂ ဒသမ ၈ ရာခိုင် နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဂျာနယ်ဖြစ်သော The Lancet Planetary Health တွင် ဖော်ပြထားသည်။
အဆိုပါ ခန့်မှန်းချက်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောကျန်းမာရေး မညီမျှမှုများကို ဖြေရှင်းရန်အတွက် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးမဟာဗျူဟာများနှင့် ဒေသအလိုက် လိုက်လျောညီထွေဖြစ်စေရန် မဟာဗျူဟာများ အရေးတကြီးလိုအပ်နေကြောင်းကို မီးမောင်းထိုးပြသထားခြင်းဖြစ်ကြောင်း သုတေသနခေါင်းဆောင် မိုနာ့ရှ်တက္ကသိုလ်မှ ဒေါက်တာရှန်ရှန်က ပြောကြားခဲ့သည်။
အပူလှိုင်းများ သို့မဟုတ် ပြင်းထန်သော အပူချိန်ကြာရှည်စွာ ဖြစ်ပေါ်ခြင်းများသည် နှလုံးနှင့် သွေးကြောရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်ကျောက်ကပ်ရောဂါများကို ဖြစ်ပွားစေကာ နာမကျန်းမှုနှင့် သေဆုံးမှုကို တိုးပွားစေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ဆင်ဟွာ


