ရန်ကုန်  ၂၄   မတ် 

 

မြန်မာနိုင်ငံရှိ ရုပ်ရှင်ချစ်မြတ်နိုးသူ ရုပ်ရှင်ကြည့်ပရိတ်သတ်များအတွက် အဆင့်မြင့်ရုပ်ရှင်ရုံ Premium Cinema အတွေ့အကြုံကို ပထမဦးဆုံးပေးစွမ်းမည့် JCGV ၏ Premium Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ Junction Square Shopping Centre Level-1 တွင် ကျင်းပသည်။

 

ယနေ့ဖွင့်လှစ်သည့် JCGV ၏ Premium Cinema တွင် ရုပ်ရှင်ကြည့်ရှုသူများ အနေဖြင့် နိုင်ငံတကာအဆင့်မီ အရုပ်၊ အသံ အရည်အသွေးမြင့် ရုပ်ရှင်အတွေ့အကြုံကို အဆင့်မြင့်ဝန်ဆောင်မှုများဖြင့် ကျေနပ်ပျော်ရွင်စွာ ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။ Premium Cinema ရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင်ဇာတ်ကားနှင့် နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများ ပြသသွားမည်ဖြစ်ပြီး ပွဲစဉ်များအနေဖြင့် နံနက် ( ၁၀ ) နာရီမှ ညနေ (၆) နာရီခွဲအထိ တစ်နေ့လျှင် (၄) ပွဲ ပြသသွားမည်ဖြစ်သည် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် တစ်နေ့လျှင် (၅)ပွဲပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

Premium Cinema တွင် ထိုင်ခုံ စုစုပေါင်း (၃၂)ခုံ ပါဝင်ပြီး Motorized Recliner Luxury Leather Seat များ တပ်ဆင်ထားကာ ရုပ်ရှင်ကြည့်ရှုနေစဉ် အထူးဝန်ဆောင်မှု များကို ရယူနိုင်ရန်အတွက် Call Button များတပ်ဆင်ထားရှိသည်။ ’’ JCGV က လာရောက်ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေအတွက် facilities ပိုင်းရော၊ service ပိုင်းရော လက်မှတ်ဝယ်ယူရ လွယ်ကူစေဖို့အတွက်ပါ အမြဲ upgrade ဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။ ယခုဖွင့်လှစ်တဲ့ Premium Cinema အပြင် ၂၀၁၉ ခုနှစ်အတွင်းမှာ New Concept Cinema အသစ်ကို Junction City မှာ ထပ်မံဖွင့်လှစ်သွားမှာပါ။ ရန်ကုန်နဲ့ နေပြည်တော်မှာလည်း ရုပ်ရှင်ရုံအသစ် (၂) ခုကို ထပ်မံဖွင့်လှစ်ဖို့ဆောင်ရွက်နေပါတယ် ’’ ဟု JCGVမှ CEO ဒေါ်မိမိခိုင်က ပြောသည်။ JCGV အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်ကာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် စသည့် မြို့များတွင် AUROMAX CINEMA, STARIUM အပါအဝင် ပိတ်ကားပေါင်း ၁၉ ခု ပါဝင်သော ရုပ်ရှင်ရုံပေါင်း ၇ ခုကို အောင်မြင်စွာဖွင့်လှစ် ပြသ လျက်ရှိသည့်အပြင် နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ရုံသစ်များကိုလည်း ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယနေ့ကျင်းပသည့် Premium Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင် က အမှာ စကားပြောကြားပြီး JCGV မှ CEO ဒေါ်မိမိခိုင် က Premium Cinema ရုပ်ရှင်ရုံသစ် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းပြီး ပြောကြားသည်။

 

ထို့နောက် ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ JCGVမှ CEO ဒေါ်မိမိခိုင်၊ CFO Ryu Seong Soo နှင့် တာဝန်ရှိသူ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကာ Premium Cinema ရုပ်ရှင်ရုံသစ်တွင် ရုပ်ရှင်ဇာတ်ကား နမူနာပြသမှုကို ကြည့်ရှုကြသည်။ 

 

JCGV  မှ ဖွင့်သောရုံများသည် ဈေးရောင်းစင်တာအပါအဝင် အခြားလုပ်ငန်း များစွာနှင့် တွဲဘက်ထားသောကြောင့် ရုပ်ရှင်ကြည့်အပန်းဖြေနိုင်မှု အပါအဝင်အခြား ဆက်စပ် လုပ်ငန်းများကိုလည်းတစ်နေရာတည်းဆောင်ရွက်လာနိုင်ကြောင်း ၂၀ဝ၉ ခုနှစ်ကနေပြည်တော်တွင် ရုပ်ရှင်ရုံတစ်ရုံစတင်ဖွင့်လှစ်ခဲ့ရာမှ ယခုရုပ်ရှင်ရုံပေါင်း ၂၀ ရုံမြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနောင်ရုပ်ရှင်ရုံများလည်းဆက်လက်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာ့ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုမှာ ၂၀၁၄ခုနှစ် တွင် ဇာတ်ကား(၉)ကားသာ ထုတ်နိုင်ခဲ့ရာမှ ၂၀၁၅ ခုနစ်တွင်(၃၂)ကား၊ ၂၀၁၆ ခုနစ်တွင် (၉၈)ကား၊ ၂၀၁၇ ခုနစ်တွင်(၁၅၈)ကား နှင့် ၂၀၁၈ခုနှစ်တွင် (၁၃၃)ကား အထိ တိုးတက်ထုတ် လုပ်လာ နိုင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားများကိုပြသရန် ရုပ်ရှင်ရုံများကိုလည်း တိုးချဲ့တည် ဆောက်လျက်ရှိပြီး ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုပ်ရှင်ရုံများတိုးချဲ့ ဖွင့်လှစ်နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း ညှိနှိုင်းပေါင်းစပ် စီမံ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ တစ်နိ်ုင်ငံလုံး၌ ၂၀၁၃ ခုနစ်တွင် ရုပ်ရှင်ရုံ(၁၉) ရုံ၊ ပိတ်ကား(၁၉)ခု ရှိခဲ့ရာမှ ယခုအခါ ရုပ်ရှင်ရုံ (၁၂၆)ရုံ၊ ပိတ်ကား(၁၄၇)ခုအထိ တိုးတက်ဖွင့်လှစ်လာနိုင်ခဲ့ကြောင်း သိရသည်။ 

 

(သတင်း-မင်းသစ်/ဓာတ်ပုံ-ဇော်မင်းလတ်)