၂၅ မတ်

 

မြန်မာနိုင်ငံသည် သမိုင်းမတင်မီခေတ်ကာလမှစ၍ ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားခဲ့သည်။ သမိုင်းတင်ခေတ်ကာလများတွင်လည်း ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော    မြို့ပြများထူထောင်ပြီး    ခေတ်အလိုက်ခမ်းခမ်းနားနား ထည်ထည်ဝါဝါ နေထိုင်လာခဲ့ကြသည်။ သို့သော် ဖြစ်ခြင်း၊ ပျက်ခြင်း  သင်္ခါရသဘောတရားအရ  အချိန်ကာလတစ်ခုတွင်  ခေတ်တစ်ခေတ်၊ မြို့ပြတစ်ခုတို့သည် ပျက်သုဉ်းခြင်းသို့ရောက်ရသည်။

 


နိုင်ငံတစ်နိုင်ငံ၏သမိုင်းကြောင်း၌  ယဉ်ကျေးမှုအမွေအနှစ်  အဆင့်အတန်းမြင့်မားခြင်းသည်   ထိုနိုင်ငံရှိ   ပြည်သူများ၏    အတွေးအခေါ် အယူအဆနှင့် ဖန်တီးနိုင်မှုစွမ်းပကားများ မည်မျှမြင့်မားသည်ကို òန်းဆိုပြသနေပါသည်။ ထိုမျှသာမက အဆိုပါယဉ်ကျေးမှုအမွေအနှစ်များသည် ထိုနိုင်ငံ၏ဂုဏ်ဒြပ်နှင့်  ယဉ်ကျေးမှုအဆင့်အတန်းကို  ဖော်ညွှန်းပြသနေ သကဲ့သို့ ထိုနိုင်ငံသားတို့၏  အမျိုးဂုဏ်၊  ဇာတိဂုဏ်တို့လည်း  မြင့်မား နေပါသည်။

 


မြန်မာတို့၏ဆိုစကားတွင် “အသစ်ဘယ်လိုကောင်းကောင်း အဟောင်း ကိုတော့  တလည်လည်”      ဆိုသကဲ့သို့    ရတနာတန်းဝင်ပစ္စည်းကဲ့သို့ တန်ဖိုးကြီးမားလှသည့်  ပြောင်မြောက်သောအနုပညာ  ရှေးမူလက်ရာ  ဟောင်းများကို  ပြည်သူများက  အမြတ်တနိုးတန်ဖိုးထားကြ၊  မှတ်သားလေ့လာကြရာ   ယင်းတို့ကို   မပျောက်ပျက်အောင်   ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။

 


လူ့သမိုင်းသည် တရွေ့ရွေ့တိုးတက်မြင့်မားနေသဖြင့် သမိုင်းယဉ်ကျေး မှုအမွေအနှစ်မြင့်မားခဲ့သော နိုင်ငံ၏ အနာဂတ်ယဉ်ကျေးမှုတန်ဖိုးသည်လည်း ပိုမိုတောက်ပြောင်နေရမည်သာဖြစ်သည်။ ထိုသို့တောက်ပြောင်ရန်အတွက် တည်ရှိနေသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သလို ထိုယဉ်ကျေးမှုထက် အဆင့်အတန်း ပိုမိုမြင့်မားသော  ယဉ်ကျေးမှုတစ်ရပ်ထွန်းကားအောင်  ပြုစုပျိုးထောင်ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါသည်။

 


မြန်မာနိုင်ငံ သမိုင်းကြောင်းတစ်လျှောက်တွင် ပြည်သူများဖန်တီးခဲ့သည့် အနုပညာလက်ရာများနှင့် ဗိသုကာလက်ရာများကို ဒြပ်ရှိယဉ်ကျေးမှုများအဖြစ်       နိုင်ငံတစ်ဝန်းတွင်    အမြောက်အမြားတွေ့ရှိနိုင်ပါသည်။ ထို့အတူ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် ဘာသာရေးဆိုင်ရာ  ကိုးကွယ်ယုံကြည်မှုများ၊  ဓလေ့ထုံးတမ်းစဉ်လာများနှင့် ပွဲတော်များသည်  ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်ပြီး  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ   တိုင်းရင်းသားလူမျိုး အားလုံးတို့၏ ဒေသများတွင် တွေ့ရှိနိုင်ပါသည်။

 


ယင်းဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာများဖြစ်ပြီး ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က   ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပါသည်။ အလားတူ လောကမာရဇိန်ကုသိုလ်တော်ဘုရား ကျောက်စာများ၊ မြစေတီကျောက်စာ၊ ပုဂံရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်း စာတို့ကို ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဖွယ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

 


ထို့အတူ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်းတွင်  တင်သွင်းထားရာ  ယခုနှစ် ဇွန်၊  ဇူလိုင်လတွင် ကျင်းပမည့်(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆုံးဖြတ်တော့မည်ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြ ကျောက်စာမှာ အာရှ-ပစိဖိတ်အမွေအနှစ်စာရင်းဝင်ခဲ့ပြီး  မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး  ကြိုးပမ်းအားထုတ်မှုများသည်နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်ဒြပ်မြင့်မားတိုးတက်စေရေး ဆောင်ရွက်ခြင်းဖြစ်၍ ရှေးဟောင်းအမွေအနှစ် ဒြပ်ရှိ၊ ဒြပ်မဲ့ပစ္စည်များ မပျက်စီးစေရေး၊ အဓွန့်ရှည်ရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။   

 

ကြေးမုံ