ဘားအံ   မေ   ၇

၂၀၂၆  ခုနှစ်  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား  မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက  ဘားအံမြို့  လှာကမြင်ကွက်သစ် ဇွဲကပင်မိုးလုံလေလုံ အားကစားရုံ ၌ ကျင်းပသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲသို့ မြို့နယ်ခုနစ်မြို့နယ်မှ အမျိုးသား/ အမျိုးသမီးဘော်လီဘော အသင်းခုနစ်သင်း အားကစားသမားပေါင်း ၁၄၀ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပြိုင်ပွဲမှ  ထူးချွန်အားကစားသမားများကို စိစစ်ရွေးချယ်စခန်းသွင်းလေ့ကျင့်စေ၍ ဇွန်လတွင် တောင်ကြီးမြို့၌ ကျင်းပမည့်   တိုင်းဒေသကြီးနှင့် ပြည်နယ်  ဘော်လီဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကာ  အမျိုးသားဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံ မြို့နယ်အသင်းနှင့် သံတောင်ကြီး မြို့နယ်အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ  ဘားအံမြို့နယ်အသင်းက သုံးပွဲ၊ နှစ်ပွဲဖြင့်   အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ် အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်   ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင်  စပေးဘော၊  ဆယ်မ၊  ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး  အားကစားသမားဆုများကိုလည်းကောင်း၊ တတိယ၊ ဒုတိယဆုရရှိကြသော  အမျိုးသား၊ အမျိုးသမီးအသင်းများကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက က အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသား ဆုငွေကျပ် ၁၀ သိန်းနှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား ဘော်လီဘောပြိုင်ပွဲ  ပထမဆုရ ဘားအံမြို့နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ၁၀  သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဈေးကွက်ဝယ်လိုအားကောင်းသည့် စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများမှ သင်တန်းသား သင်တန်းသူ ၄၀  တက်ရောက်ကြပြီး မှိုစိုက်ပျိုးရန် လိုအပ်သည့် ကောက်ရိုး၊ ရိုးပြတ်၊ ဗေဒါ၊  ငှက်ပျော၊  ပဲပင်အမျိုးမျိုး၊ ကြက်ချေး၊  နွားချေး၊ မြင်းချေး အခြောက်မှုန့်နှင့် ဖွဲနု  အစရှိသော မိမိတို့ပတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်းများကိုအသုံးပြု၍  မှိုအမျိုးမျိုးရှိသည့်အနက်  ကောက်ရိုးမှို၊  ငွေနှင်းမှို၊ ကြွက်နားရွက်မှို  စိုက်ပျိုးနည်းများကို အဓိကသင်ကြားပေးမည်ဖြစ်သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)