၂၅ မတ်
ဂိုလန်ကုန်းမြင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဓိကဆွေးနွေးလိုတဲ့အကြောင်းအရာကတော့ဂိုလန် ကုန်းမြင့်ဒေသ ထိန်းချုပ်မှုအတွက်ပါ။ ဂိုလန်ကုန်းမြင့်ဟာ ဆီးရီးယားနိုင်ငံ၊ အစ္စရေး၊ ဂျော်ဒန်နဲ့ လက်ဘနွန်တို့ကြား မဟာဗျူဟာကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ် ၆ ရက်ကြာ စစ်ပွဲအတွင်းမှာ ဆီးရီးယားထံက ဂိုလန်ကုန်းမြင့်ကို အစ္စရေးတို့က သိမ်းလိုက်ပါတယ်။ သမ္မတ အာဆတ်က အစ္စရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။
ပြည်တွင်းစစ်ဖြစ်ပွား
၂၀၁၁ ခုနှစ်မှာ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး တိုင်းပြည်ကို အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် ဆီးရီးယားသမ္မတ မစ္စတာ အာဆတ်လည်း ဂိုလန်ကုန်းမြင့်အရေး အာရုံမစိုက်နိုင်တော့ပါဘူး။ အဲဒီလိုအချိန်မှာပဲမတ် ၂၁ ရက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ကိုအစ္စရေး အချုပ်အခြာပိုင်နယ်မြေအဖြစ် အသိအမှတ်ပြုပေးဖို့ ကုလသမဂ္ဂမှာ တောင်းဆိုခဲ့ပါတယ်။ ဒီအရွေ့ဟာ အာရပ်ကမ္ဘာက တိုင်းပြည်တွေကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမှာလား။
ကိုယ့်တိုင်းပြည်အရေးပိုပြီး အာရုံစိုက်နေ
ယနေ့အချိန်မှာတော့ ပင်လယ်ကွေ့နိုင်ငံတွေဟာ အာရပ်ကမ္ဘာအတွက်ရပ်တည်မယ်ဆိုတာထက် အီရန်ကို ဆန့်ကျင်ပြီး အစ္စရေးနဲ့ မဟာမိတ်ဖြစ်ကြဖို့ပိုပြီးစိတ်ဝင်စားကြပါတယ်။ တိုင်းပြည်အတွင်း မငြိမ်သက်မှု၊ စီးပွားရေးဆိုင်ရာ ပြဿနာတွေက အာရပ်ကမ္ဘာဆိုတာထက် ကိုယ့်တိုင်းပြည်ရဲ့ အရေးကိစ္စကိုပဲ အာရုံစိုက်နေရတဲ့ အနေအထားမျိုးကို ရောက်နေပါတယ်။ ဂိုလန်ကုန်းမြင့်နဲ့ အသက်ဆိုင်ဆုံးဖြစ်တဲ့ ဆီးရီးယားနိုင်ငံအတွက်တော့ ပြည်တွင်းစစ်ကြောင့် အလွန်ကိုအားနည်းနေပြီး သူဘာကို အလိုရှိသလဲဆိုတာကိုတောင် အာရုံမစိုက်နိုင်တဲ့ အနေအထားမှာ ရောက်နေပါတယ်။
မက်လုံးတစ်ခု
ဂိုလန်ကုန်းမြင့်ဆိုတာက အမြဲလိုလို မက်လုံးတစ်ခုအဖြစ် ရှုမြင်ခြင်းခံရတဲ့နေရာ တစ်ခုပါ။ ဆီးရီးယားနဲ့ငြိမ်းချမ်းရေးအတွက် အစ္စရေးက ဂိုလန်ကုန်းမြင့်ကို ပေးအပ်လိမ့်မယ်လို့ ထင်ရတဲ့အရာတစ်ခုပါ။ “ အခုအခါမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့အရာဟာလည်း အရေးမကြီးတော့ပါဘူး။ အခုအချိန်မှာ ဆီးရီးယားဟာလည်း ဂိုလန်ကုန်းမြင့်ကို ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် စားပွဲဝိုင်းမှာထိုင်ပြီး တောင်းဆိုလို့ရတဲ့အခြေအနေ မရှိတော့ပါဘူး” လို့ အာရပ်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ရာဆက် ၂၂ က အယ်ဒီတာချုပ်ဖြစ်တဲ့ကာရင်းဆာကာက ပြောပါတယ်။ ဂိုလန်ကုန်းမြင့်ဒေသဟာ လှပရုံသာမကပါဘူး။ စစ်ရေးအရာလည်း မဟာဗျူဟာမြောက်တဲ့ ဒေသတစ်ခုပါ။ ဂိုလန်ကုန်းမြင့်ကနေ အနီးအနား ပတ်ဝန်းကျင်တွေကို ထိန်းချုပ်ထားလို့ရပါတယ်။ ဆီးရီးယားတပ်ဖွဲ့ဟာ ယင်းဒေသကို အကာအကွယ်တစ်ခုအနေနဲ့ အသုံးပြုခဲ့သလို အစ္စရေးကလည်း ၄င်းရဲ့တိုင်းပြည်လုံခြုံရေးအတွက် ဒီမဟာဗျူဟာမြောက်တဲ့နေရာကို သိမ်းပိုက်ခဲ့ပါတယ်။
အပြည့်အဝသိမ်းယူ
၁၉၇၃ ခုနှစ် စစ်ပွဲမှာတော့ ဆီးရီးယားတို့ဟာ ဂိုလန်ကုန်းမြင့်ကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နှစ်ဖက်စစ်ရပ်ဆိုင်းဖို့ သဘောတူညီခဲ့ရပြီး နယ်မြေအတော်များများဟာ အစ္စရေးရဲ့ထိန်းချုပ်မှုအောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ အစ္စရေးက အဆိုပါဒေသကို အပြည့်အဝ သိမ်းယူခဲ့ပြီး ကုလသမဂ္ဂကတော့ ဒါကိုပယ်ချခဲ့ပါတယ်။ နယ်မြေကို အင်အားသုံးပြီး ရယူတာဟာလက်ခံနိုင်ဖွယ်မရှိဘူးဆိုပြီး ပယ်ချခဲ့တာပါ။ ဆီးရီးယားဂိုလန်ကုန်းမြင့်ဒေသမှာ အစ္စရေးက တရားဥပဒေအရ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိဖို့ ဆုံးဖြတ်ခြင်းဟာ တရားမဝင်ဘူးလို့ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အသိမ်းပိုက်ခံနယ်မြေ
လက်ရှိဆီးရီးယားသမ္မတ ဘတ်ရှာအယ်အာဆတ်ရဲ့ အဖေဟတ်ဖာအယ်အာဆတ်ကတော့ အစ္စရေးဘက်က ဂိုလန်ကုန်းမြင့် သိမ်းယူထားတာကို အဓိက ရှုတ်ချစရာကိစ္စအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းပြည်အတွင်းမှာ ခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို ပိတ်ပင်ထားပြီး ဂိုလန်ကုန်းမြင့်အတွက် စုဝေးကြခြင်းကိုတော့ပုံမှန်ပြုလုပ်ပါတယ်။ နောက်ပြီး ကျောင်းနေအရွယ်ကလေးအားလုံးကိုလည်း ထိုဒေသ လွတ်မြောက်ရေးအတွက် သံပြိုင်ဟစ်ကြွေးခိုင်းပါတယ်။ ဒီလိုမျိုးတွေ ပြုလုပ်ခဲ့ပေမယ့်ဂိုလန်ကုန်းမြင့်ဟာ အသိမ်းပိုက်ခံနယ်မြေ ဖြစ်နေတုန်းပါပဲ။
အပန်းဖြေစခန်းအသွင်ပြောင်း
ငြိမ်းချမ်းရေးစာချုပ်အရ ဆိုင်းနိုင်းဟာ အီဂျစ်ရဲ့လက်ထဲကို ပြန်ရောက်လာခဲ့ပါ တယ်။ အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသတို့ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဓိကအရာတွေ ဖြစ်လာခဲ့တယ်။ အချိန်တွေကြာလာတဲ့အခါ ဒီနေရာမှာ ဂျူးလူမျိုးပေါင်း ၂၆၀ဝဝ ခန့်ကို နေရာချထားပေးခဲ့ပါ တယ်။ အခြေချနေထိုင်သူတွေဟာ အဲဒီနေရာမှာ သစ်သီးခြံတွေ၊ ဝိုင်ထုတ်လုပ်မှုတွေ၊ ဖက်ရှင်စတိုးတွေ၊ နှင်းလျှောစီး အပန်းဖြေစခန်းတွေ ဖွင့်လှစ်ပြီး အစ္စရေးရဲ့အားလပ်ရက်အပန်းဖြေစခန်းတစ်ခုအသွင် ပြောင်းလဲလိုက်နိုင်ပါတယ်။ အမျိုးမျိုးသော အမေရိကန်သမ္မတတွေဟာ အစ္စရေး-ဆီးရီးယား ငြိမ်းချမ်းရေးစကားဝိုင်းအတွက် ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးကြိုးပမ်းခဲ့သူတွေကတော့ သမ္မတ အိုဘားမားနဲ့ ၄င်း၏ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ပါပဲ။ ဒါပေမယ့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အရာရာပြောင်းလဲကုန်ပါတယ်။ ရှိသမျှစွမ်းအင်တွေ အကုန်သုံးပြီး အိုင်အက်စ်လို့ခေါ်တဲ့ စစ်သွေးကြွတွေကို နှိမ်နင်းရပါတယ်။ ဆီးရီးယားအစိုးရဟာလည်း ဂိုလန်ကုန်းမြင့်ကို သူ့ရဲ့ပိုင်ဆိုင်မှုစာရင်းမှာ ထည့်မတွက်နိုင်တော့ပါဘူး။ စစ်ပွဲတွေဟာ ဆီးရီးယားတစ်ပြည်လုံးကို တိုက်စားသွားခဲ့ပါတယ်။
ဗုံးကြဲပစ်ဖို့ ဝန်မလေး
ဆီးရီးယားအစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေကတော့ မစ္စတာအာဆတ်ဟာ တိုင်းပြည်အတွင်းက မြို့ကြီးတွေကိုတောင် ဗုံးကြဲပစ်ဖို့ ဝန်မလေးတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့ဆိုရင် ပြည်သူတွေကိုတောင် ထည့်မတွက်တဲ့လူလို့ သမုတ်ကြပါတယ်။ ဂိုလန်ကုန်းမြင့် ပြန်ရဖို့အတွက်လည်း ဘာမှမလုပ်ဘူးလို့ အပြစ်တင်ကြပါတယ်။ မစ္စတာအာဆတ်ရဲ့ ရက်စက်မှုတွေကြောင့်ဒေသအနည်းငယ်သာ အာဆတ်ဘက်ကနေ ရပ်တည်ဖို့ ဆန္ဒရှိကြတယ်လို့ ဝါရှင်တန်အခြေစိုက် အာရပ်ပင်လယ်ကွေ့နိုင်ငံတွေဆိုင်ရာ အင်စတီကျုမှ ပညာရှင်ဟူစိန်အီဘစ်ရှ်က ပြောပါတယ်။ ပြည်သူတွေကြားမှာ ဆီးရီးယားနိုင်ငံအကြောင်း စဉ်းစားပြီဆိုရင် စစ်ပွဲကြောင့် သေဆုံးသူတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကိုပဲ စိတ်ဝင်စားကြတယ်လို့၄င်းကဆက်ပြောပါတယ်။
ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်ရအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ဒေသကို အစ္စရေးအချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် အသိအမှတ်ပြုဖို့ ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဘေရွတ်မြို့ကိုရောက်လျှင်ရောက်ချင်းပဲ မိုက်ပွန်ပီအိုဟာ လမ်းမထက်မှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ဘနွန်သတင်းစာတစ်စောင်ကဆိုရင် မိုက်ပွန်ပီအိုကို ဧည့်သည်ဆိုးတစ်ယောက်လို့ ဖော်ပြခဲ့ပါတယ်။ တူရကီသမ္မတကတော့ ဂိုလန်ကုန်းမြင့်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတထရမ့်ရဲ့ ကြေညာချက်ကြောင့် နောက်ထပ်ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တုန်းကလည်း ဆူပူမှုတွေအများကြီး ဖြစ်ခဲ့ပါသေးတယ်။ အခုဂိုလန်ကုန်းမြင့်အရေးဟာလည်း နောက်ထပ်ပဋိပက္ခတွေကို လက်ယပ်ခေါ်လာမလားဆိုတာကိုတော့ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ။
ကိုးကား -နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး