၂၅ မတ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြောက်ပိုင်းတွင်ရှိသည့်  မြို့တော်ပေကျင်းမှသည် တောင်ပိုင်းရှိ ဖူကျန့်ပြည်နယ်ဖူကျိုးမြို့တွင်  လေ့လာနိုင်ရေးအတွက်  မတ်  ၅  ရက် နံနက်တွင်    မြန်မာသတင်းမီဒီယာအဖွဲ့နှင့်အတူ China Report Asean  မှ ကိုစည်သူထွန်းနှင့် မစ္စတာ မက်ခ်တို့ နံနက် ၈ နာရီခွဲခန့် တည်းခိုရာ ဟိုတယ်မှ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းခဲ့ကြသည်။

 

2


ထို့နောက် ယင်းနေ့မွန်းလွဲပိုင်း လေယာဉ်ဖြင့်ပေကျင်းမှ ဖူကျိုးသို့ ထွက်ခွာလာခဲ့ကြရာ  ဒေသ စံတော်ချိန်  ညနေ  ၆နာရီခွဲခန့်တွင် ဖူကျိုးမြို့တွင်ခေတ္တတည်းခိုမည့် Fuzhou Meilun Hotel သို့ ရောက်ရှိကြသည်။ ဖူကျိုးလေဆိပ်သို့ ရောက်ရှိချိန်တွင်  စာရေးသူတို့အဖွဲ့ကို မိုးကကြိုနှင့်တော့သည်။ လေဆိပ်သို့ လေယာဉ်ဆိုက်သည်နှင့် မိုးရွာလာတော့သည်။  မြောက်ပိုင်းတွင်  နွေဦးပေါက်ရာ သီရောက်ပြီဖြစ်သော်လည်း  အအေးဓာတ်က မကုန်သေးသည့်အတွက် သွားရာလမ်း တစ်လျှောက်တွင် အရိုးပြိုင်းပြိုင်းထသည့် သစ်ပင်များကိုသာ တွေ့ခဲ့ရသော်လည်း တောင်ပိုင်း ဖူကျိုးမြို့သို့ ရောက်ရှိချိန်တွင်     သစ်ပင်ပန်းမန်များ၊ လမ်းဘေးအရိပ်ရသစ်ပင်ကြီးများကို   မိုးလေး တစ်ဖြိုက်နှစ်ဖြိုက်   ရွာပြီးနောက်  စိမ်းစိမ်းစိုစိုမြင်တွေ့ရမှသာ စိတ်ကြည်လင် လန်းဆန်းသွားရတော့သည်။ မိုးရွာပြီးစ ညနေခင်းမှာ  ရန်ကုန်မြို့မှလမ်းများနှင့်ပင်   ခပ်ဆင်ဆင်တူနေတော့သည်။ ဖူကျိုးမြို့သည် တောင်ပိုင်း၏ အထင်ကရ မြို့ကြီးဟုမဆိုသာသော်လည်း  လမ်းမများအပါအဝင်လမ်းသွယ်များပါမကျန်   အမှိုက်တစ်စပင်  မမြင်ရအောင် သန့်ရှင်းလှသည်။


စက်မှုဥယျာဉ်လေ့လာနောက်တစ်ရက် မတ် ၆ ရက် နံနက်ပိုင်းတွင် China Three Gorges Corporation- CTG က   ဖူကျန့်ပြည်နယ်  ရှင်းဟွာပင်လယ်ကွေ့တွင်တာဝန်ယူတည်ဆောက်လျက်ရှိသည့်  လေအား  လျှပ်စစ်   စမ်းသပ်ထုတ်လုပ်သည့် နေရာနှင့်လေအားလျှပ်စစ်နှင့် သက်ဆိုင်သော ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုဥယျာဉ်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

ရှင်းဟွာပင်လယ်ကွေ့သို့ မသွားမီ နံနက်ပိုင်း တွင် CTG ၏ ရုံးခန်းသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြသည်။ CGT  သည်  မြန်မာနိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ၂၀ဝ၈ ခုနှစ်နောက်ပိုင်းမှစ၍  မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် မြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ   စီမံကိန်းများတွင်  လက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် လေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် ကနဦးဆန်းစစ်လေ့လာမှုများကိုချင်းပြည်နယ်၊   ရခိုင်ပြည်နယ်၊     ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ကနဦး ဆန်းစစ်မှုလုပ်ငန်းများအနေဖြင့် ချောင်းသာကမ်းခြေ  လေအားလျှပ်စစ်ထုတ်လုပ်ရေး၊  မန်တုံရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့်  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း      နေရောင်ခြည်စွမ်းအင်ဖြင့်လျှပ်စစ်ဓာတ်အား    ထုတ်လုပ်ရေးလုပ်ငန်းများ အတွက်     ကနဦးဆန်းစစ်လေ့လာမှုများကိုလည်း လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံချက CGT က မြန်မာနိုင်ငံ၏  တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်အတွက် အကြံပြုချက်များကိုလည်း   ပေးနိုင်ခဲ့ပြီး  လျှပ်စစ်နှင့်  စွမ်းအင်ဝန်ကြီးဌာနမှ ပညာရှင်များနှင့်လည်း အတွေ့အကြုံ ဖလှယ်နိ်ုင်ရေး ဆောင်ရွက်နိုင်ကြောင်း သိရသည်။ CGT က  မြန်မာနိုင်ငံ၏  စွမ်းအင်လိုအပ်ချက်ဖြည့်တင်းရေးနှင့်   ပြန်လည်ပြည့်ဖြိုးမြဲ  စွမ်းအင်စီမံချက်တွင်  ပါဝင်သည့် လုပ်ငန်းများဖြစ်သည့်ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း လေအားလျှပ်စစ် ကနဦးဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ရန်အတွက်  ၂၀၁၂ ခုနှစ်က    နားလည်မှုစာချွန်လွှာ (MoU)   ရေးထိုးခဲ့ပြီး   ကနဦးဆန်းစစ်မှုလုပ်ငန်းများအတွက်  အမေရိကန်ဒေါ်လာ   သုံးသန်းရင်းနှီးမြှုပ်နှံထားကြောင်း  သိရသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိချောင်းသာကမ်းခြေ  လေအားလျှပ်စစ်စီမံကိန်း အတွက်  ၂၀၁၆  ခုနှစ်က  သဘောတူညီမှုစာချုပ်(MOA)    ရေးထိုးထားကာ   လျှပ်စစ်ဓာတ်အား ၁၂၆ မဂ္ဂါဝပ်(MW)ထုတ်လုပ်နိုင်ရေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ပမာဏ ၃၀ဝ မဂ္ဂါဝပ်(MW)ထုတ်လုပ်နိုင်ရေးတို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလွှာတင်သွင်းထား ကြောင်း CGT မှ အင်ဂျင်နီယာချုပ် မစ္စတာဝမ်က ရှင်းလင်းပြောကြားသည်။

CGT သည်  မြန်မာနိုင်ငံအပါအဝင်   အာရှ၊ ဥရောပ၊  လက်တင်အမေရိကနှင့်  အာဖရိကနိုင်ငံများတွင်   ရုံးခွဲပေါင်း   ၃၈  ခု  ဖွင့်လှစ်ထားရှိပြီး  အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကို ရင်းနှီးမြှုပ်နှံထားကာ    အဆိုပါစီမံကိန်းများမှ  သန့်ရှင်းသောလျှပ်စစ်ဓာတ်အား    ထုတ်လုပ်မှုအနေဖြင့်  ၁၆ ဂစ်ဂါဝပ်(GW)အထိ ထုတ်လုပ်နိုင်ခဲ့ရာ  ၂၀၂၀  ပြည့်နှစ်တွင် ၂၂ ဒသမ ၅ ဂစ်ဂါဝပ်(GW)အထိတိုးမြှင့်ထုတ်လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ယင်းနောက် ဖူကျိုးမြို့မှ ကားဖြင့် သုံးနာရီကြာ သွားရောက်ရသည့် ရှင်းဟွာပင်လယ်ကွေ့ပေါ်တွင်တည်ဆောက်ထားသည့် လေအားလျှပ်စစ်ထုတ်လုပ်ရာနေရာကို သွားရောက်လေ့လာခဲ့ကြ ရသည်။ စာရေးသူတို့အဖွဲ့သည် ရှင်းဟွာ ပင်လယ်ကွေ့ကမ်းခြေသို့ မွန်းလွဲပိုင်းခန့်တွင်ရောက်ရှိကြပြီး အသက်ကယ်အင်္ကျီများ ဝတ်ဆင်ကာ သင်္ဘောနှစ်စင်းဖြင့် လေအားလျှပ်စစ်ထုတ်လုပ်သည့် ရဟတ်များကို ပင်လယ်ပြင်အတွင်း သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
လေအား လျှပ်စစ်ထုတ်လုပ်ရေး စက်မှုဥယျာဉ်ရှင်းဟွာပင်လယ်ပြင်တွင် CGT က တာဝန်ယူ ထုတ်လုပ်နေသည့် လေအားလျှပ်စစ်ထုတ်လုပ်ရေးတိုင် ၁၂ တိုင်ရှိပြီး တစ်တိုင်လျှင် လျှပ်စစ်ဓာတ်အား ၃ ဒသမ ၅ မဂ္ဂါဝပ်မှ ၆ ဒသမ ၃ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ရှင်းဟွာ ပင်လယ်ကွေ့အတွင်း နှစ်နာရီခန့်အကြာ လေ့လာ ကြပြီးနောက် လေအားလျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်းများတပ်ဆင်နေသည့် လေအား လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ စက်မှုဥယျာဉ်အတွင်း လေ့လာခဲ့ကြပြီးနောက် ညနေပိုင်းတွင် ဖူကျိုးမြို့သို့ပြန်လည်ရောက်ရှိ အနားယူခဲ့ရသည်။ ရှင်းဟွာပင်လယ်ကွေ့ပေါ်တွင် ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်မဟာဓာတ်အားလိုင်း အတွင်းသို့ တိုက်ရိုက်ပို့လွှတ်ပေးခြင်းဖြစ်ပြီး အစိုးရ နှုန်းထားဖြင့် အကျိုးအမြတ်ကို ပြန်လည်ရရှိကြောင်း သိရသည်။

နောက်တစ်ရက် မတ် ၇ ရက်တွင် စာရေးသူတို့သတင်းမီဒီယာအဖွဲ့များသည် ဟိုတယ်တွင်နံနက်စာ စားသောက်ကြပြီးနောက် ဖူကျိုးမြို့မှကားဖြင့် နှစ်နာရီခွဲခန့်အကြာ သွားရောက်ရသည့်ဖူကျန့်ပြည်နယ် Xianyou စီရင်စုအတွင်းရှိ Xianyou ရေသိုလှောင်လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်လေ့လာခဲ့ရသည်။ အဆိုပါ စက်ရုံသို့သွားရာ လမ်းတစ်လျှောက်တွင် မြို့ကြီး၊ မြို့ငယ်အသွယ်သွယ်နှင့် တောင်စွယ် တောင်တန်းများ၊ တရုတ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့်ယန်စီမြစ်နှင့် ဆီအုန်းအပါအဝင် အဆင့်မြင် စိုက်ခင်းများကို မျက်စိတစ်ဆုံး မြင်တွေ့ကြရသည်။ ကားလမ်းတစ်လျှောက်တွင် တောင်တန်းများကိုအဝေးမှ မြင်တွေ့ရသော်လည်း အနီးသို့ရောက်သော် ဥမင်လိုဏ်ခေါင်း ဖောက်ထားသဖြင့်တောင်အောက်မှ တစ်ဖြောင့်တည်းလမ်းများကိုဖြတ်သန်းခဲ့ရသည်။ ယင်းကဲ့သို့ ဥမင်ပေါင်း မြောက်မြားစွာ ဖြတ်သန်းပြီးနောက် တောင်ကြား ထဲသို့ ကွေ့ပတ်ဝင်ရောက်ကာ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် Xianyou ရေအား လျှပ်စစ်ထုတ်လုပ်သည့် အထက်တမံကို ပထမ ဦးဆုံး ရောက်ရှိခဲ့တော့သည်။

အဆိုပါစက်ရုံသည် ဖူကျန့်ပြည်နယ် Xianyou စီရင်စု ပူရှန်း(Putian) မြို့နှင့် ၄၉ ကီလိုမီတာ (၂၉ မိုင်)အကွာတွင် တည်ရှိပြီး စီမံကိန်းလုပ်ငန်းများကို ၂၀ဝ၉ ခုနှစ်ကစတင်ကာ ၂၀၁၃ ခုနှစ် ဧပြီလတွင် ပထမဦးဆုံး ဂျင်နရေတာကိုစတင်လည်ပတ်နိုင်ခဲ့ကာ လေးလုံးမြောက်ဂျင်နရေတာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင်လည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။ Xianyou က အထက်တမံသည် Mulan မြစ်လက်တက်ဖြစ်သည့် Dajixi မြစ်လက်တက်ပေါ်တွင်တည်ဆောက်ထားပြီး အောက်တမံသည် Xikou မြစ်လက်တက်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

နေ့အချိန်ရေလွှတ် ညအချိန် ရေသိုလှောင် Xianyou အထက်တမံသည် အမြင့် ၂၃၈ ပေ၊ အရှည်ပေ ၁၁၂၀ ရှိပြီး ရေသိုလှောင်နိုင်မှုပမာဏ ၁၄၀၇၀ ဧကပေရှိကာ အောက်တမံသည်အမြင့် ၂၄၆ ပေ၊ အရှည် ၉၀၉ ပေရှိကာ ရေသိုလှောင်နိုင်မှုပမာဏ ၁၄၅၈၀ ဧကပေ ရှိသည်။ ရေအားလျှပ်စစ်ကို အထက်တမံမှ အောက်တမံသို့ပို့လွှတ်ပြီး ဂျင်နရေတာလေးလုံးဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အားပမာဏ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏများသည့် နေ့အချိန်တွင် လျှပ်စစ်ဂျင်နရေတာသုံးလုံးကို ပုံမှန်လည်ပတ်ရလေ့ရှိကြောင်း သိရသည်။ အဆိုပါ ဂျင်နရေတာများကို မြေအောက်ဥမင်အတွင်း ၃၆၂၂ ပေအကျယ်ရှိ စက်ရုံတွင် ထားရှိထုတ်လုပ်ခြင်းဖြစ်ပြီး နေ့အချိန်တွင် အထက်တမံမှအောက်တမံသို့ ရေလွှတ်သည့်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူပြီး ညအချိန်တွင် အောက်တမံအတွင်းရှိရေများကို အထက်တမံသို့ ပြန်လည်စုပ်တင်သည့် စနစ်ဖြင့် ရေသိုလှောင်သည့်စနစ်ဖြင့် ပြန်လည်ထုတ်ယူခြင်းဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။ ဌငညေပသက ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းသည် နိုင်ငံတော်ပိုင်ကုမ္ပဏီအနေဖြင့်ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ရရှိလာသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ တိုက်ရိုက်ပို့လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Xianyou ရေအားလျှပ်စစ်စီမံကိန်းသည်ရေသိုလှောင်ထုတ်လုပ်သည့် စနစ်ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိသော်လည်း သဘာဝဝန်းကျင်နှင့် ကိုက်ညီပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။ စက်ရုံအတွင်း လေ့လာခဲ့ကြပြီးနောက် စက်ရုံရိပ်သာတွင်နေ့လယ်စာ စားသောက်ကြပြီးနောက် ဖူကျန်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်(FAFU) National Engineering Research Centre of JUNCAO Technology ကို သွားရောက်လေ့လာရန်အတွက် ကားဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ကြသည်။

ကျွင်းဆောင်သုတေသနစင်တာ (JUNCAO)သို့ ညနေပိုင်း ၅ နာရီခွဲခန့်တွင် ရောက်ရှိကြပြီး မြက်ငါးမျိုးမှ မှိုစိုက်ပျိုးထုတ်လုပ်သည့် China-  Fiji  JUNCAO  Technology  Cooperation   Project   ကို လေ့လာခဲ့ကြ ရသည်။

မြက်ဖြင့် မှိုစိုက်ပျိုးကျွင်းဆောင်( JUNCAO)နည်းပညာမှာ မြက်ဖြင့် မှိုစိုက်ပျိုးမှုနည်းပညာဖြစ်ပြီး ရိုးရာနည်းဖြင့် မှိုစိုက်ပျိုးထုတ်လုပ်မည်ဆိုပါက သစ်သားနှင့်လွှစာမှုန့်များကို မြေဆီလွှာအဖြစ်အသုံးချ စိုက်ပျိုးမှသာ ရမည်ဖြစ်သော်လည်း ကျွင်းဆောင်နည်းပညာအရ စိုက်ပျိုးထုတ်လုပ်သည့် အဓိက မြက်နှစ်မျိုးဖြစ်သော မြက်စိမ်းနှင့် မှိုကြီးမြက်နှစ်မျိုးကို ခုတ်စင်းကာ မြေဩဇာအဖြစ်အသုံးပြုပြီး သစ်သားအစားထိုးကာ လူစားသုံးကုန်မှိုနှင့်ဆေးဖက်ဝင် လင်ဇီးမှိုမျိုးများပါဝင်သည့် မှို ၅၅ မျိုးကို စိုက်ပျိုးထုတ်လုပ်သည့် နည်းပညာဖြစ်သည်။ ကျွင်းဆောင်နည်းပညာဖြင့် စိုက်ပျိုးထားသော မြက်ကို အသုံးချစိုက်ပျိုးခြင်းအားဖြင့် သစ်သား အသုံးပြုမှုကို လျှော့ချကာ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ပြီးဖြစ်ကြောင်း သိရသည ထို့ပြင် အဆိုပါ ကျွင်းဆောင်နည်း ပညာမြက်ကို စိုက်ပျိုးရန်ကုန်ကျစရိတ်အနည်းငယ်သာရှိပြီး အစုလိုက်စိုက်ပျိုး နိုင်ကာ ယင်း၏အမြစ်မှာ မြေအောက်ကိုးမီတာ၊ ပင်စည်အမြင့် ငါးမီတာခန့်အထိ ရှည်လျားသည့်အတွက် မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေတိုက်စားသော မြစ်ကမ်းပါးဒေသတွင် ရေတိုက်စားမှုကာကွယ်ရန် လည်းကောင်း၊ လေတိုက်သော သဲကန္တာရတွင် လေကာအဖြစ်လည်းကောင်း၊ ရေသိပ်မကြိုက်သည့်အတွက် မိုးခေါင်၍ ဆိုးရွားသောမြေများတွင် လည်းကောင်း စိုက်ပျိုးခြင်းအားဖြင့်မြေပြိုခြင်း၊ လေတိုက်ခြင်းတို့ကို လျှော့ချ ပေးနိုင်သည့်အပြင် အာဟာရဓာတ်မြင့်မားစွာပါရှိသည့်အတွက် တိရစ္ဆာန်အစားအစာအဖြစ်လည်း အသုံးချနိုင်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါမြက်တစ်ဟက်တာမှ ထွက်ရှိသော မြက်များ၏ လောင်ကျွမ်းမှုမှ သဘာဝဓာတ်ငွေ့(Biomass) ကုဗမီတာ ၄၅၀ နှင့်အထက် ထွက်ရှိခြင်းကြောင့် ကျောက်မီးသွေးတန် ၅၀ လောင်ကျွမ်းမှုထက်ပမာဏပိုမိုများပြားသည့်အတွက် အဆိုပါ မြက်စိုက်ပျိုးခြင်းမှ အစားအစာရရှိပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ငတ်မွခေါင်းပါးမှု လျှော့ချရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် အသုံးချ နိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူလျှော့ချနိုင်ခြင်းများအပြင်ရာ သီဥတုပြောင်းလဲမှုကို တားဆီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်သည့် လူသားအကျိုးပြု နည်းပညာ ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နည်းပညာအဖြစ် လိုအပ်သော မျိုးစေ့နှင့်နည်းပညာကို တရုတ်နိုင်ငံက ပံ့ပိုးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သံအမတ်ကြီး Liu Jieyi က ၂၀၁၇ ခုနှစ် မေ ၂၆ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ကျွင်းဆောင်နည်းပညာ သုတေသနစင်တာသည် ၁၉၉၂ ခုနှစ်မှစတင်၍ ထိုင်း၊ မလေးရှား၊ ဖီဂျီ၊ ပါပူဝါ နယူးဂီနီ၊ တောင်အာဖရိက၊ ရဝမ်ဒါ အစရှိသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀ဝ ကျော်ကို နည်းပညာ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ မြက်မျိုးနှင့် နည်းပညာကို မျှဝေပေးနိုင်ရန်အတွက် အဆိုပါသုတေသနစင်တာမှ ပါမောက္ခ ဒေါက်တာ Lin နှင့် ပညာရှင်တစ်ဦးတို့ ရှမ်းပြည်နယ်အတွင်း လာရောက်လေ့လာခဲ့ပြီးနောက်စိုက်ပျိုး၍ရသည့်အတွက် မြက်မျိုးနှင့်နည်းပညာမျှဝေရန် ဆောင်ရွက်နေစဉ်ပညာရှင်မှာ ကားမတော်တဆမှုနှင့်ဆုံးပါးသွားသည့်အတွက် နည်းပညာမျှဝေ ရေးအစီအစဉ် ပျက်သွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနည်းပညာကိုရယူလိုပါက နှစ်စဉ်ပညာသင်ဆုများကိုခေါ်ယူလျက်ရှိပြီး ထိုသို့ခေါ်ယူချိန်တွင်မြန်မာနိုင်ငံဆိုင်ရာ တ ရုတ်သံရုံးမှတစ်ဆင့်လျှောက်ထားနိုင်ကြောင်း ပါမောက္ခဒေါက်တာ Lin ကပြောသည်။

အဆိုပါ နည်းပညာစင်တာတွင်မြက်မှ စိုက်ပျိုးထုတ်လုပ်ထားသော မှိုများနှင့် လင်ဇီးမှိုမှ ထုတ်လုပ်သော ဆေးဝါးများ စက်ရုံနှင့် ဆေးဝါးများကိုလေ့လာခဲ့ကြပြီးနောက် မြို့ထဲတွင် ညစာ စားသုံးကာ တည်းခိုရာ ဟိုတယ်သို့ညပိုင်းတွင် ပြန်လည်အနားယူခဲ့ကြပြီး နောက်တစ်နေ့ မတ် ၈ ရက်တွင်ဖူကျိုးမြို့မှ ကွမ်ကျိုးလေဆိပ်သို့လည်းကောင်း၊ ကွမ်ကျိုးမှသည် ရန်ကုန်မြို့သို့လည်းကောင်း ပြန်လည်ရောက်ရှိခဲ့ကြ သည်။

ရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ဝါဒကျင့်သုံးမှု နှစ် ၄၀ ပြည့်အလွန် ကမ္ဘာ့နိုင်ငံများအတွင်း စီးပွားရေး၊ နည်းပညာအစရှိသည့်နယ်ပယ်အသီးသီးတွင် မဟာအင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သော ချဉ်းကပ်မှုများဖြင့် အနီးစပ်ဆုံး တည်ရှိနေသော နိုင်ငံတစ်ခုအဖြစ်ရောက်ရှိလာပြီဖြစ်သည်။ ယခုနှစ်သည်တရုတ် - အာဆီယံ မီဒီယာပေါင်းစည်း ဖလှယ်ရေးနှစ်ဖြစ်ပြီး စာရေးသူတို့မြန်မာသတင်းမီဒီယာများကို China Foreign Languages  Administration  အဖွဲ့က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက် လိုအပ်သော အကူအညီများကို လိုလေသေးမရှိ ကူညီခဲ့ကြ သည်။ ခရီးစဉ်တစ်ခုလုံး ပြန်လည်သုံးသပ်ရသော် တရုတ် - အာဆီယံ မီဒီယာဖလှယ်ရေးအစီအစဉ်အဖြစ် အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာသတင်းမီဒီယာ များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မီဒီယာကို အလေးထားသည့် နိုင်ငံတစ်ခုအဖြစ် မြင်တွေ့ခဲ့ရပြီး ယခုခရီးစဉ်တွင် ဗဟုသတများစွာနှင့်အတွေ့အကြုံကောင်းများစွာ ရရှိခဲ့သည်ကို ပြန်လည်ဝေငှပေးလိုက်ပါသည်။

ဇင်ဦး-မြန်မာ့အလင်း