မန်စီးတီးအသင်းဟာ မေ ၉ ရက် ညပိုင်းက ဘရန်းဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရရှိပြီး   အာဆင်နယ်အသင်းနဲ့ ရမှတ်ကွာဟမှုကို  လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂိုးပြတ်နိုင်ပွဲရရှိ

မန်စီးတီးအသင်းနဲ့ ဘရန်းဖို့ဒ်အသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း  ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့  မန်စီးတီးအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၆၀ မှာ ဒိုကူကတစ်ဂိုး၊ ၇၅ မိနစ်မှာ ဟာလန်းကတစ်ဂိုးနဲ့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို နှစ်မိနစ်မှာ အိုမာမာမောက်ရှ်ကတစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ ယခုဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်သွင်းဂိုး ၂၆ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဘရန်းဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃၅) ယှဉ်ပြိုင် ကစားပြီးချိန်မှာ ရမှတ် ၇၄ မှတ်အထိစုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ပွဲစဉ်မတိုင်မီ ရမှတ်ကွာဟမှုကို နှစ်မှတ်အကွာ အနေအထားအထိ လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရန်းဖို့ဒ်အသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃၆) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၈) နေရာမှာ ရပ်တည်နေပြီး လာမယ့်ဘောလုံးရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်တစ်နေရာရရှိဖို့ လက်ကျန်နှစ်ပွဲမှာ ရုန်းကန်ရအုံးမှာ ဖြစ်ပါတယ်။                                                                    

ငွေကြယ်