ဟိုင်းကြီးကျွန်း ၂၅ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာအုပ်စု၊ ကင်းဂူကျေးရွာ၏ အနောက်မြောက်ဘက် (၁.၇မိုင်)ခန့်အကွာ ပင်လယ်ပြင်တွင် သင်္ဘောဖျက်လုပ်ငန်းမှ သံပြားတန်(၂၀ဝ)၊ တန် (၈၀)ရှိကရိန်း(၂)စီး၊ ဘက်ဟိုး(၁)စီးတို့ကိုတင်ဆောင် မောင်းနှင်လာသာ ရေယာဉ်တစ်စီး ရေလယ်ကျောက်တန်းပေါ်သို့ တင်သွားရာက ဝမ်းဗိုက်ပေါက်ကာ ရေဝင်မှုများ၍ တိမ်းစောင်းနစ်မြုပ် သွားခဲ့ပြီး ရေယာဉ်ပေါ်ပါ လုပ်သား(၁)ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မလေးရှားနိုင်ငံပိုင် MV. Arctic Stream ရေယာဉ်မှာ မလေးရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်စဉ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့၊ သမ္ဗာန်လေးကျေးရွာအနီး ရေဝင်မှုဖြစ်ပွားခဲ့၍ ကမ်းတင်သောင်ထိုး ဖျက်ဆီးရန်စီစဉ်ခဲ့ကြောင်း၊ သင်္ဘောဖျက်ထုတ်ခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံပိုင် OVERSEAS MARINE ENGINEERING Co.Ltd က တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ သင်္ဘောဖျက်ခြင်း လုပ်ငန်းများ ပြီးစီး၍ ၎င်းကုမ္ပဏီ၏ Tug Boat လော်ပန်-၆ ရေယာဉ်နှင့် လက်ထောက်ရေယာဉ်မှူး ဦးဇော်နိုင်ဝင်းပါ လုပ်သား(၄)ဦးဖြင့် လည်းကောင်း၊ Barge CBR 0740 ရေယာဉ်ဖြင့် သင်္ဘောဖျက်လုပ်ငန်းမှ သံပြားတန်(၂၀ဝ)၊ တန်(၈၀) ရှိကရိန်း(၂)စီး၊ ဘက်ဟိုး(၁)စီးတို့ကိုတင်ဆောင်ကာ လုပ်သား(၁၅)ဦး လိုက်ပါ၍ လည်းကောင်း ယခုလ ၂၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်က သမ္ဗာန်လေးကျေးရွာအနီးမှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မတ်လ ၂၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် Barge CBR 0740 ရေယာဉ်မှာ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာအုပ်စု၊ ကင်းဂူကျေးရွာ၏ အနောက်မြောက်ဘက်(၁.၇မိုင်)ခန့်အ ကွာပင်လယ်ပြင်ရှိ ရေလယ်ကျောက်တန်းပေါ်သို့ လှိုင်းလေကြောင့် တင်သွားခဲ့ပြီး ရေယာဉ်ဝမ်းဗိုက် ပေါက်ကာ ရေဝင်ဝင်များပြီး တစ်ဖက်သို့ တိမ်းစောင်းနစ်မြုပ်သွားခဲ့ကြောင်း၊ CBR 0740 ရေယာဉ် တွင်လိုက်ပါလာသည့် လုပ်သား(၁၅)ဦးအနက် (၁၄)ဦးကို Tug Boat လော်ပန်-၆ ရေယာဉ်က ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
Barge CBR 0740 ရေယာဉ်နစ်မြုပ်မှုတွင် ပျောက်ဆုံးနေသော ရေလုပ်သားမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် နေထိုင်သော မောင်ဝေလု ဆိုသူဖြစ်ကြောင်း ကနဦး အတည်ပြုချက်များအရ သိရသည်။ ကယ်ဆယ်ရရှိထားသူ လုပ်သားများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ ရေယာဉ် နစ်မြုပ်ခဲ့သည့် နေရာသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်(၅၅၁)သည်လည်း ရောက်ရှိနေပြီး ပျောက်ဆုံးနေသော ရေလုပ်သားတစ်ဦးကို ကူညီရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)