နေပြည်တော် မေ ၁၃

 

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်ဆက်သွယ်ရေးဘာသာရပ်၌ ပါဝင်သည့် ဗျည်း၊ သရ၊ လက္ခဏာလက်ရိုက်အလံအချက်ပြ သင်ခန်းစာ၊ လှေလှော်ရွက်တိုက်ဘာသာရပ်၌ ပါဝင်သည့် လှေနှင့် လှော်တက်အမျိုးအစားများ သင်ခန်းစာ၊ လှော်ခတ်ပုံနည်းစနစ်သင်ခန်းစာ၊ ရွက်လှေအမျိုးအစားနှင့် ရွက်လွှင့်ပုံသင်ခန်းစာများကို နေပြည်တော် ကောင်စီနယ်မြေ နေပြည်တော်ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ အင်းယားရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၀၀၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၂၀၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၆၀၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၀၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀၊ ကျွန်းစုမြို့ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၀ နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား  သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 

အလားတူ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် သင်တန်းစခန်း ၂၀ တွင် စုစုပေါင်း သင်တန်းသား ၁၀၄၄ ဦးဖြင့် ဧပြီ ၂၇ ရက်မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ မိတ္ထီလာမြို့ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်း လူငယ်သင်တန်းသား ၅၃ ဦး၊ မှော်ဘီမြို့ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်း လူငယ်သင်တန်းသား ၆၃ ဦး၊ ရန်ကုန်မြို့ ရန်ကုန်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၅၀၊ လွိုင်ကော်မြို့ လွိုင်ကော်သင်တန်းစခန်းမှ အခြေခံ လေကြောင်းလူငယ်သင်တန်းသား ၅၅ ဦး၊ ဟုမ္မလင်းမြို့ ဟုမ္မလင်းသင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ နှင့် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်သင်တန်းစခန်းမှ အခြေခံ လေကြောင်းလူငယ်သင်တန်းသား ၆၅ ဦးတို့အား အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်းလူငယ် သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။

 

ထို့ပြင် တပ်မတော်(လေ)၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာများကို သိရှိနားလည် စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များ၊ ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံများနှင့် လေကြောင်း ထိန်းမျှော်စင်များသို့ သွားရောက်၍ လက်တွေ့ ကွင်းဆင်းလေ့လာခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်