တိုကျို မေ ၁၃
ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲက ဂျပန်နိုင်ငံသည် ဇွန်လအတွက် လိုအပ်သည့် ရေနံ စိမ်းဝယ်ယူမှု၏ ၇၀ ရာခိုင်နှုန်းကို လမ်းကြောင်းမျိုးစုံအသုံးပြု၍ အရင်းအမြစ်မျိုးစုံမှ ဝယ်ယူရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကိုဆွေးနွေးရန် ဂျပန်အစိုးရသည် သက်ဆိုင်ရာဝန်ကြီးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
ဇွန်လအတွက် အလားအလာကောင်းသော အခြေအနေရှိသဖြင့် ယခုလတွင် အမျိုးသား ရေနံသိုလှောင်မှုမှ ရေနံစိမ်းကို တတိယအကြိမ် ထပ်မံထုတ်ပေးသွားမည်မဟုတ်ကြောင်း၊ ဂျပန်တစ်နိုင်ငံလုံးအတွက် လိုအပ်သည့်ရေနံကို ရရှိစေရန် ဝယ်ယူရေးလမ်းကြောင်းမျိုးစုံဖြင့် ဝယ်ယူ သွားမည်ဖြစ်ကြောင်းနှင့် တစ်ဖက်တွင်လည်း နိုင်ငံ၏ ရေနံသိုလှောင်မှုပမာဏလျော့နည်းသွားခြင်းကို အနည်းဆုံးဖြစ်အောင် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း တာကာအိချီက ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံ၏ အဓိက ရေနံလက်ကားဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်သည့် အီဒဲမစ်ဆု ကိုဆန်က ၎င်း၏ ရေနံစိမ်းရရှိနိုင်စွမ်းအပေါ် ယုံကြည်ကြောင်းလည်း ဖော်ပြခဲ့သည်။
လက်ရှိအခြေအနေသည် ယမန်နှစ်အခြေအနေနှင့် လုံးဝမတူညီကြောင်း၊ သို့သော်လည်း ရေနံစိမ်းရရှိနိုင်စွမ်းအလွန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အခြေအနေမရှိသေးကြောင်း၊ လက်ရှိအခြေအနေများအောက်တွင်ပင် မိမိတို့သည် ရေနံစိမ်းများကို ဆက်လက်ဝယ်ယူနိုင်မည်ဟု ယုံကြည်ကြောင်း အီဒဲ မစ်ဆု ကိုဆန်၏ ဥက္ကဋ္ဌ ဆာကာ အိနိုရီယာကီက ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားလမ်းကြောင်းကို ရှောင်ကွင်းပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ သွားလာနိုင်သည့် ရေနံပို့ဆောင်ရေးလမ်းကြောင်းများရှိကြောင်းနှင့် မြောက်အမေရိကနှင့် တောင်အမေရိကတို့ကဲ့သို့ တခြားကမ္ဘာ့နေရာများမှလည်း ရေနံစိမ်းများကို ဝယ်ယူနိုင်ကြောင်း ဆာကာအိက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


