ချောင်းဆုံ မေ ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာ အကွက်(၁၀) ထောင်ကုန်း၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့် လုပ်ငန်းအဖွဲ့များက မေ ၁၃ ရက်တွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ကျေးရွာမြေငှားဂရန် ရရှိရေး ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းအောင်ဇော်က ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုက် သစ်ကျေးရွာ ကွင်းအမှတ် (၇၇၉)(ခ) ကော့တာ (ခ)ကွင်းရှိ မြေဧရိယာ ၃ ဒသမ ၄၉ ဧကအတွင်း အိမ်ခြေ ၂၈ အိမ်အား ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)


