ရန်ကုန် မေ ၁၆
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) တစ်ရပ်ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်ပြီး ဒုတိယဝန်ကြီးက ယနေ့ တွေ့ဆုံမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးသော ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှစတင်၍ ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသည့် အစိုးရတာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ ပိုမိုထိရောက် အောင်မြင်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘော ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
အဆိုပါပွဲတွင် မြန်မာ့ကော်ဖီနှင့် မြန်မာ့နံနက်ခင်း စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။ အဆိုပါပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌနှင့် မြန်မာသံအမတ်ကြီးဟောင်းများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


