ကင်ရှာဆာ မေ ၁၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း အာဖရိကသမဂ္ဂမှ ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင် အတည်ပြုခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အီတူရီပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်ခံရပြီး ၆၅ ဦး သေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါပြည်နယ်သည် အရေးကြီးသော ဓာတ်သတ္တုမိုင်းများ စုစည်းရာ ဧရိယာအနီးတွင်ရှိပြီး အစိုးရဆန့်ကျင်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
သတ္တုတွင်းနှင့် ဆက်နွှယ်သော ရွေ့လျားသွားလာမှုနှင့် ဘေးသင့်ဒေသများတွင် မလုံခြုံမှုကြောင့် ရောဂါကူးစက်ထပ်မံပြန့်ပွားနိုင်ခြေ မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိသည်။
တောင်ဆူဒန်နှင့် ယူဂန်ဒါနိုင်ငံ တို့မှ အာဏာပိုင်များနှင့် ပူးပေါင်းကာ ကူးစက်ပြန့်ပွားမှုကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း အာဖရိကသမဂ္ဂမှ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း ဖြစ်ပွားခဲ့သော အီဘိုလာ ကူးစက်ရောဂါကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


