နေပြည်တော် မေ ၁၇
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ် နိုင်ငံသား အမျိုးသား လေးဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၃၈ ဦးတို့အား ဖုန်းမျိုးစုံ ၁၅၅လုံး၊ All In One ကွန်ပျူတာ အလုံး ၃၀၊ တရုတ်ငွေ ယွမ် ၁၀၀၀၀၊ မြန်မာငွေ ၁၀ သိန်းကျပ်နှင့် Crown အမျိုးအစား မော်တော်ယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၅နာရီခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား လေးဦးအား ဖုန်းမျိုးစုံ ၉၅ လုံး၊ Laptop တစ်လုံး၊ Wifi စက် နှစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


