အဘူဂျာ မေ ၁၇
နိုင်ဂျီးရီးယားအတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင် အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် နိုင်ဂျီးရီးယားအစိုးရနှင့် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အာဖရိက စစ်ဌာနချုပ်က ပြောကြားခဲ့သည်။
အဆိုပါသေဆုံးသူများအနက် တစ်ဦးသည် အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်အတွက် လက်နက်နှင့် မောင်းသူမဲ့လေယာဉ်များ တီထွင်ထုတ်လုပ်ခြင်းတို့နှင့်ပတ်သက်ပြီး ဗျူဟာမြောက်လမ်းညွှန်မှုပေးသည့် အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ပြင် အကြမ်းဖက်မှုများဆောင်ရွက်ရန်နှင့် ဓားစာခံဖမ်းဆီးခြင်းများဆောင်ရွက်ရန် တိုက်ရိုက်ညွှန်ကြားသူဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအမျိုးသားသည် အိုင်အက်စ်အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
၎င်းအား ရှင်းလင်းခဲ့ခြင်းကြောင့် အိုင်အက်စ်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များ လျော့နည်းသွားမည်ဟု ယူဆကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာအာမက် တင်နူဘူက သမ္မတ ထရမ့်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ အကြမ်းဖက်နယ်မြေအားလုံးကို ယခုထက်ပိုမိုပြတ်သားသည့် တိုက်ခိုက်မှုများဆောင်ရွက်ရန် မျှော်လင့်နေပါကြောင်းလည်း ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


