သွေးအုပ်စုဆိုလျှင် သာမန်လူတို့အနေဖြင့် အို၊ အေ၊ ဘီ၊ အေဘီတို့ကိုသာ ပြေးမြင်ကြမည်ဖြစ်သည်။ အလွန်ဆုံး အာရ်အိပ် အပေါင်း၊ အနုတ်တို့နှင့် တွဲပြီးသိကြမည်။ သို့သော် ယင်းမှာ သိပ္ပံနည်းကျ သွေးအုပ်စုများထဲမှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ သိပ္ပံပညာလောကတွင်မူ သွေးအုပ်စုပေါင်း ၄၇ မျိုးရှိပြီး အင်တီဂျင်ဟုခေါ်သည့် မော်လီကျူးအမျိုးအစားကွဲပေါင်း ၃၆၀ ကျော် ရှိသည်။ ယခုအချိန် တွင်မူ နှစ်ပေါင်း ၅၀ ကျော် ပဟေဠိဖြစ်ခဲ့သည့် သွေးအုပ်စုတစ်ခုကို ထပ်ပြီး အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအတည်ပြုသော သွေးအုပ်စုကို အမ်အေအယ်လ်ဟု အမည်ပေးထားပြီး အန်တီဂျင်အေအင်န် ဒဗလျူဂျေ အမျိုးအစားကို ဗဟိုပြုသည်။ ၁၉၇၂ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပြီး ဘယ်အမျိုးအစားထဲထည့်ရမလဲ ဝေခွဲမရဖြစ်စေခဲ့သည့် သွေးအမျိုးအစားဖြစ်သည်။ အေအင်န်ဒဗလျူဂျေဆိုသည့် နာမည်မှာလည်း ပထမဆုံးတွေ့ရှိသော လူနာနှစ်ယောက်ဖြစ်သည့် အန်တန်နှင့် ဒဗလျူဂျေတို့၏ နာမည်များကို ပေးထားခြင်းဖြစ်သည်။ အလွန့်အလွန်ရှားပါးသော သွေးအမျိုးအစားဖြစ်သည်။
နောက်ဆုံးတွင် ဗြိတိန်နှင့် အစ္စရေးတို့မှ သုတေသီများက ထိုသွေးအမျိုးအစား၏ နောက်ကွယ်မှ မျိုးဗီဇကို ဖော်ထုတ်နိုင်ခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်း ၅၀ ကျော် တည်ရှိနေသည့် သိပ္ပံပဟေဠိတစ်ခုကို အဖြေညှိလိုက်နိုင်ရုံသာမက အလွန့်အလွန်ရှားပါးသော သွေးအမျိုးအစားရှိသော လူနာတို့ကို သွေးသွင်းကုသရချိန်တွင် ယခင်ကထက် ဘေးကင်းအောင်စောင့်ရှောက်ပေးနိုင်တော့မည်ဖြစ်သည်။
ကြုံတွေ့ခဲ့ရသည့် အေအင်န်ဒဗလျူဂျေ သွေးအမျိုးအစားမှာ မျိုးရိုးဆက်ခံမှုကြောင့် မဟုတ်ဟုလည်း သိရသည်။ သွေးရောဂါအချို့နှင့် ကင်ဆာအချို့က ထိုသွေးအမျိုးအစားကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။ မျိုးရိုးဗီဇအရ ထိုသွေးအမျိုးအစားကို ဆက်ခံထားသူ ငါးယောက်သာ တွေ့ဖူးကြောင်းလည်း မှတ်တမ်းများကဆိုသည်။ ထိုသူများထဲမှ အချို့မှာ အာရပ်-အစ္စရေး မိသားစုတစ်ခုမှ မိသားစုဝင်များဖြစ်သည်။ အရေးကြီးသည့်အချက်မှာ ထိုသွေးအမျိုးအစားဆက်ခံပြီး မွေးဖွားလာသူတို့သည် ပုံမှန်လူများလိုပင် ကျန်းမာရေးကောင်းကြခြင်းဖြစ်သည်။
ထိုသွေးအမျိုးအစားကို နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့ပြီး ယခုတွေ့ရှိမှုကို ဦးဆောင်ခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည့် ဗြိတိန်အမျိုးသား သွေးလှူဘဏ်မှ အကြီးတန်းသုတေသီ လွစ်တီလီ က “ဒီသွေးအမျိုးအစားက ပဟေဠိဖြစ်နေတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ကျွန်မကိုယ်တိုင်တောင် နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့ရတာပါ။ ဒါကြောင့် အခုတွေ့ရှိမှုက အောင်မြင်မှုကြီးတစ်ခုပါ။ သွေးစနစ်အသစ်တစ်ခုကို ဖော်ထုတ်နိုင်ရုံတင်မဟုတ်ပါဘူး။ ရှားပါးပြီး အရေးကြီးတဲ့လူနာတွေအတွက် အကောင်းဆုံးစောင့်ရှောက်မှုကို ပေးနိုင်တော့မှာပါ”ဟု ဆိုသည်။
Ref: scitechdaily


