ကော့သောင်း မေ ၁၈
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လုပ်ငန်းရှင်များသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော မောင်းနှင်အားများဖြစ်ပြီး ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်စေရန်အတွက် အစိုးရ၏ ကြိုးပမ်းမှု သာမက ဒေသခံများ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးသဖြင့် လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြပေးရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လက်တွေ့ကျကျ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သာယာလှပရေး၊ ကျန်းမာရေးကဏ္ဍ၊ လမ်း၊ တံတား၊ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


