ရန်ကုန် မေ ၁၈
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနအတွင်း အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ သန့်ရှင်းသောသောက်သုံး ရေရရှိရေး ဆောင်ရွက်ပေးမှု၊ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန် လာစေရေး၊ လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်ရေးနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့် ရရှိရေး၊ အသက်မွေးဝမ်းကျောင်း ပညာဖြစ်သော အပ်ချုပ်သင်တန်း၊ သိုးမွေးထိုး သင်တန်းနှင့် အခြေခံမြန်မာ့သိုင်းပညာ သင်တန်းများ သင်ကြားပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးမှုတို့နှင့် ကော်မရှင်မှ ယခင်လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို မေးမြန်း မှတ်တမ်းတင်ကြပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများသို့ ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


