ကဘူးလ် မေ ၁၈
အာဖဂန်နစ္စတန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများ အားကောင်းလာစေရန် နိုင်ငံ၏ ပြည်နယ် ၁၀ ခုအတွင်း လျှပ်စစ်ဓာတ်အားခွဲရုံ ၁၆ ခုကို တည်ဆောက်လျက်ရှိကြောင်း စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ်ရုံးက မေ ၁၈ ရက်တွင် ကြေညာသည်။
အာဖဂန်နီ ၈ ဒသမ ၁၅ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်)တန်ဖိုးရှိ အာဖဂန်အစိုးရ၏ ပြည်တွင်းဘတ်ဂျက်ဖြင့် အဆိုပါဓာတ်အားခွဲရုံများကို ကဘူးလ်၊ ကန်ဒါဟာ၊ လိုဂါ၊ ဘက်ဟ်လန်၊ ခွန်ဒပ်ဇ်၊ နန်ဂါဟာ၊ ဟီရတ်၊ ဂါဇ်နီ၊ ဟယ်မန်နှင့် ဂျော့ဇ်ဂျန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားဝန်ဆောင်မှုလုပ်ငန်းများ ပြီးစီးပါက ပေါင်းစပ်ပို့လွှတ်ပေးမည့် ပမာဏ မဂ္ဂါဝပ် ၁၈၀၀ ကို ပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးပါက သတ်မှတ်ထားသည့်ပြည်နယ်များတစ်ဝန်း အိမ်ထောင်စုတစ်သန်းနှင့် စက်မှုလုပ်ငန်း ၁၁၀၀ ခန့်ကို လုံလောက်သည့် လျှပ်စစ်ဓာတ်အားများ ပေးပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး နှစ်ပေါင်းများစွာအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဆင်ဟွာ


